ကိုမိုနဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်တွေမတိုင်ခင် လီဗာပူးအသင်း လမ်းကြောင်းမှန်ဆီ ရောက်ရှိနေပြီလို့ အီရာအိုလာပြော
ဒီနေ့(တနင်္ဂနွေနေ့)မှာကစားမယ့် စီးရီးအေကလပ်ကိုမိုအသင်းနဲ့ ခြေစမ်းပွဲစဉ်နှစ်ခုကို ပရီးမီးယားလိဂ်ရာသီသစ်အတွက် ကောင်းမွန်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့ လီဗာပူးနည်းပြအီရာအိုလာက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် လိဒ်ယူနိုက်တက်နဲ့ မိုနာကိုတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးက ဒီနေ့မှာတော့ ကိုမိုအသင်းနဲ့ နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။ ပထမပွဲစဉ်ကို ကွင်းပိတ်ကစားဖို့ ပြင်ဆင်ထားပြီး ဒုတိယပွဲစဉ်ကိုတော့ အန်ဖီးလ်ကွင်းမှာ ကစားသွားပါလိမ့်မယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ မိုနာကိုအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှ ကောင်းကွက်တချို့ တွေ့ခဲ့ရပေမဲ့ ရာသီသစ်မစခင် အသင်းရဲ့ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်နေသေးတယ်လို့ အီရာအိုလာက ဝန်ခံခဲ့ပါတယ်။
"ချီကာဂိုမှာ လိဒ်နဲ့ကစားတဲ့ပွဲစဉ်လိုပဲ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ပြဿနာက ခြေစွမ်းကို အကြာကြီး ဆက်မထိန်ထားနိုင်မှု ဖြစ်ပါတယ်။ ဒါကတော့ အချိန်ယူရမှာ ဖြစ်သလို လေ့ကျင့်ရေးကွင်းမှာလည်း အပြင်းအထန်ကြိုးစားဖို့ လိုပါတယ်" လို့ သူက အသင်းရဲ့ရုပ်သံလိုင်းဆီ ပြောပါတယ်။
"ကွင်းထဲမှာ ကျွန်တော် ဘယ်လိုအသင်းမျိုးကို မြင်ချင်လဲ၊ ဘယ်လောက်အထိ ပြင်းပြင်း ထန်ထန်ကစားစေချင်လဲ ဆိုတာတွေကို အမြဲပြောလေ့ရှိပါတယ်။ တိုးတက်ဖို့တွေ အများကြီးလိုနေသေးတယ်ဆိုတာ ထင်ရှားပေမဲ့ ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ရှိနေတယ်လို့ ယုံကြည်ပါတယ်" လို့ သူက ဆိုပါတယ်။
အာဂျင်တီးနားကွင်းလယ်လူမက်အယ်လစ္စတာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာလို့ ရာသီသစ်မစခင်မှာ ကစားသမားအစုံအလင် ရှိနေပြီလို့ အီရာအိုလာက ဆိုပါတယ်။ အခုတော့ ခြေစွမ်းတည်ငြိမ်ဖို့ဆိုတာ ကစားသမားတွေအပေါ်မှာပဲ မူတည်ပါတော့တယ်လို့လည်း သူက ထည့်ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်၊ ဘာစီလိုနာမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့တဲ့ ဥရုဂွေးနောက်ခံလူအရူဂျိုရောက်ရှိလာမှုကိုလည်း အီရာအိုလာက ကြိုဆိုလိုက်ပါတယ်။ အရူဂျိုလို အရည်အချင်းနဲ့ အတွေ့အကြုံရင့်ကစားသမားမျိုး ရရှိလာတယ်ဆိုတာ ခံစစ်ပိုင်း အတွက် ခွန်အားဖြစ်စေတယ်လို့ သူက ယူဆပါတယ်။
"အသင်းမှာ အရူဂျို အမြန်ဆုံး အသားကျသွားဖို့ရှိသလို အသင်းအပေါ်မှာလည်း ကောင်းမွန်တဲ့သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ယုံကြည်ပါတယ်" လို့ အီရာအိုလာက ဆိုပါတယ်။
လီဗာပူးအသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၃ ရက်၊ အဝေးကွင်းမှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။