အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူမယ့်ကိစ္စ မာရက်စ်ကာ ငြင်းဆန်
မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာကိုယ်တိုင် အန်ဇိုဖာနန်ဒက်ဇ်အတွက် ကမ်းလှမ်းမှုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုလိုက်တာကြောင့် မန်ချက်စတာမြေဆီ ချဲလ်ဆီးကြယ်ပွင့်ပြောင်းရွှေ့မယ့်ကိစ္စ မဖြစ်နိုင်တော့ပါဘူး။
ချဲလ်ဆီးအသင်းက အာဂျင်တီးနားလက်ရွေးစင်ကစားသမားအတွက် ပေါင်သန်း ၁၂၀ အထိ ဈေးခေါ်ထားပါတယ်။ ဒါ့အပြင် အန်ဇိုဖာနန်ဒက်ဇ်အတွက် အခုနွေရာသီရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့တစ်ခု ဖြစ်လာစေဖို့ သောကြာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ကမ်းလှမ်းချက် တင်သွင်းရမယ်၊ မဟုတ်ရင်တော့ မဆွေးနွေးတော့ဘူးလို့ မန်စီးတီးဆီ အသိပေးထားပြန်ပါတယ်။
အသက် ၂၅ နှစ်အရွယ်အန်ဇိုဖာနန်ဒက်ဇ်က လန်ဒန်မှာ သူ့ရဲ့အနာဂတ်အတွက် မရေမရာဖြစ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ဆီ ပြောင်းဖို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူက ချဲလ်ဆီးမှာပဲ ဆက်ရှိနေမယ့်ပုံပါပဲ။
သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူမလားလို့ မေးမြန်းရာမှာ မာရက်စကာက "ဒီနေ့တော့ တစ်ခုခုလုပ်ဖြစ်မယ် မထင်ပါဘူး" လို့ ပြုံးပြုံးလေး ဖြေကြားခဲ့ပါတယ်။ "အပြောင်းအရွှေ့ဈေးကွက်ကတော့ ဖွင့်ထားတုန်းပါပဲ။ ကစားသမားတွေ ဝယ်လို့ရသလို ရောင်းလို့လည်း ရတယ်၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ခုတင် ရိုဒရီကို တွေ့လို့ သူ့ကို ခပ်ပြင်းပြင်း ဖက်လိုက်ပါသေးတယ်။ သူ ကြည့်ရတာ အဆင်ပြေပါတယ်၊ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့ သူက ဆိုပါတယ်။
ရိုဒရီက ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ရှိသလို အသင်းဖော်ကွင်းလယ်လူရိန်ဒါစ်လည်း ဆော်ဒီကလပ်အယ်လ်ကတ်ဒ်ဆီယာနဲ့ ပူးပေါင်းဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် အီတာလျံလူမျိုးနည်းပြအတွက် ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲကြီးကြီးမားမား ရှိလာနိုင်ပါတယ်။