ကစားသမားသစ်တွေ ပိုလိုချင်သလို လိုလည်းလိုအပ်တယ်လို့ အသင်းဆီ တိုက်တွန်းလိုက်တဲ့ မိုက်ကယ်ကာရစ်
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကားရစ်က အသင်းကို အပြောင်းအရွှေ့ကိစ္စတွေမှာ အရှိန်မြှင့်လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
ကာရစ်ရဲ့အသင်းအတွက် အခုနွေရာသီမှာ အလုပ်တွေ ရှုပ်လိမ့်ဦးမယ်လို့ မျှော်လင့်ထားခဲ့ကြပေမဲ့ ချဲလ်ဆီးမှ အန်ဒရေဆန်းတို့စ်၊ အက်စတွန်ဗီလာမှ တိုင်လီမန်းစ်နဲ့ လိဒ်မှ ကားလ်ဒါလိုးတို့ ရောက်ရှိလာပြီးနောက် အပြောင်းအရွှေ့လှုပ်ရှားမှု ငြိမ်သက်သွားပါတယ်။
လတ်တလောမှာ ယူနိုက်တက်က လုခ်ရှောနဲ့ယှဉ်ပြိုင်နိုင်မယ့် ဘယ်နောက်ခံလူတစ်ဦးနဲ့ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
တဖက်မှာလည်း သရဲနီတွေက ကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်လို့ သူတို့သတ်မှတ်ထားစျေးနှုန်းထက် ပိုမပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မာသီးယက်စ်ဖာနန်ဒက်စ်နဲ့ အီလီယော့အန်ဒါဆန်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ပြိုင်ဘက်အသင်းတွေတောင်းဆိုတဲ့စျေးနှုန်း မြင့်မားနေလို့ အပြောင်းအရွှေ့ပြိုင်ပွဲမှ လက်လျော့ထွက်ခွာလာခဲ့ပါတယ်။
ဒါပေမဲ့ အိုးထရက်ဖို့ဒ်ဆီ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြန်ရောက်လာတော့မယ့် အရမ်းအလုပ်များမယ့် ဘောလုံးရာသီသစ်အတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ကားရစ်က တိုက်တွန်းနေပါတယ်။
"ကျွန်တော်တို့ ကစားသမားသစ်တွေ ပိုပြီး လိုချင်တယ်၊ ပိုပြီးတော့လည်း လိုအပ်ပါတယ်။ ဒါကို ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ တောက်လျှောက် အဖြေရှာနေပါတယ်" လို့ ကာရစ်က BBC Sport ဆီ ပြောပါတယ်။
"ငွေကြေးပိုင်းကတော့ ငွေကြေးပိုင်းပါပဲ၊ ဒါကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အရာတိုင်းမှာ အကောင်းဆုံးဖြစ်အောင် တွန်းအားပေးရမှာဖြစ်သလို၊ ပြီးခဲ့တဲ့သမိုင်းကြောင်းတွေအရ လက်တွေ့ကျဖို့လည်း လိုပါတယ်" လို့ သူက ဆိုပါတယ်။
"လောလောဆယ်မှာတော့ ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားရပါမယ်။ အောင်မြင်မှုပြန်ရရှိဖို့အတွက် လုပ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားရပါမယ်။ ဒါကပဲ စိန်ခေါ်မှု ဖြစ်ပါတယ်" လို့ ကာရစ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။