The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့် အက်စတွန်ဗီလာပရိသတ်တွေကို တိုင်လီမန်းစ် ပြန်တောင်းပန်

အသင်းသစ်ယူနိုက်တက်ကို အက်စတွန်ဗီလာထက် အဆင့်အတန်းပိုမြင့်တယ်လို့ မှတ်ချက်ပြုခဲ့မှုအတွက် အသင်းဟောင်းပရိသတ်တွေဆီ တိုင်လီမန်းစ်ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ပါတယ်။

ယူနိုက်တက်က အသက် ၂၉ နှစ်အရွယ်ကစားသမားကို စာချုပ်ပါလျော်ကြေး ပေါင် ၃၅ သန်း ပေးချေပြီး အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူခဲ့ပါတယ်။ သူက အက်စတွန်ဗီလာမှာ သုံးရာသီကြာ ဖြတ်သန်းခဲ့ချိန်အတွင်း ၁၃၄ ပွဲအထိ ကစားကာ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ယူရိုပါလိဂ်ချန်ပီယံအောင်ပွဲအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ အသင်းသစ်နဲ့အတူ ရာသီကြိုပြင်ဆင်မှုပြုလုပ်နေချိန်အတွင်း တိုင်လီမန်းစ်က ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ခဲ့လို့ အဆင့်အတန်းတစ်ခု မြင့်တက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။ တိုင်လီမန်းစ်က အက်စတွန်ဗီလာအသင်းကို အကောင်းဆုံးပုံစံပြန်ရရှိအောင် ကူညီပေးခဲ့တဲ့ကလပ်အသင်းအဖြစ် ချီးကျူးခဲ့ပေမဲ့ "အက်စတွန်ဗီလာထက် အဆင့်မြင့်တဲ့ ကလပ်အသင်းတွေ ရှိနေပါသေးတယ်။ အဲ့ဒီကလပ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်ပါတယ်" လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီလိုမှတ်ချက်ပြုမှုကြောင့် စိတ်ခုသွားတဲ့ အက်စတွန်ဗီလာပရိသတ်တွေအတွက် သူက Instagram မှတဆင့် ပြန်ရှင်းပြခဲ့ပါတယ်။

"မနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားတွေက တစုံတဦးကို စိတ်အနှောင့်အယှက် ဖြစ်စေဖို့ ဒါမှမဟုတ် အက်စတွန်ဗီလာအသင်းကို စော်ကားဖို့ လုံးဝ မရည်ရွယ်ပါဘူး။ ကျွန်တော်က ဗီလာကို အရမ်းလေးစားသလို ပြီးခဲ့တဲ့သုံးနှစ်တာအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်" လို့ ကြာသပတေးနေ့မှာ တိုင်လီမန်းစ်က ရေးသားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့အပြောအဆိုမှားယွင်းမှုအတွက် ဝန်ချတောင်းပန်ပါတယ်။ နောင်မှာ ပိုပြီး သတိထားပါ့မယ်။ အက်စတွန်ဗီလာအသင်းလည်း အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့လည်း သူက ဆိုပါတယ်။