ပရိသတ်တွေကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်စာတန်းကြောင့် ပဲလေ့စ်အသင်းကို ဖောရက်စ်အသင်းပိုင်ရှင်မာရီနာကစ် တရားစွဲဆို
နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်မာရီနာကစ်က ယမန်နှစ်ဘောလုံးရာသီ၊ ပွဲစဉ်တစ်ခုမှာ ပရိသတ်တွေကို်ငဆောင်ခဲ့တဲ့ ဆိုင်းဘုတ်စာတန်းနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်အသင်းကို တနင်္လာနေ့၊ လန်ဒန်တရားရုံးချုပ်မှာ အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်ပါတယ်။
ဂရိရေကြောင်းပို့ဆောင်ရေးလုပ်ငန်းရှင်ကြီးမာရီနာကစ်က ခရစ္စတယ်ပဲလေ့စ်အက်ဖ်စီလီမီတက်နဲ့ မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးသူတွေကို တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ၊ ပဲလေ့စ်အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်လာရောက်ကစားခဲ့ချိန် ပဲလေ့စ်ပရိသတ်တွေ ကိုင်ဆောင်ခဲ့တဲ့ လှောင်ပြောင်စော်ကားထားတဲ့ ဆိုင်းဘုတ်စာတန်းကြောင့် အခုလိုတရားစွဲရခြင်းဖြစ်တယ်လို့ The Lawyer သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ယူအီးအက်ဖ်အေ(UEFA) ရဲ့ အသင်းပိုင်ရှင်ဆိုင်ရာစည်းမျဉ်းတွေ ဖောက်ဖျက်မိလို အဲ့ဒီရာသီရဲ့ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်နေရာမှ ကွန်ဖရန့်လိဂ်ဝင်ခွင့်နေရာဆီ ပြောင်းလဲပေးခဲ့ရပြီး သူတို့နေရာကို နော်တင်ဟမ်ဖောရက်စ် အစားထိုးဝင်ရောက်ခဲ့ပါတယ်။ ဒါကို ခရစ္စတယ်ပဲလေ့စ်အသင်းပရိသတ်တွေ ဒေါသထွက်ပြီး မာရီနာကစ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပါတယ်။
အဲဒီဆိုင်းဘုတ်မှာတော့ ကွင်းလယ်လူမော်ဂန်ဂစ်ဝှိုက်ရဲ့ဦးခေါင်းကို မာရီနာကစ်က သေနတ်ဖြင့် ချိန်ထားတဲ့ပုံစံ ဖော်ပြထားပြီး "မစ္စတာမာရီနာကစ်က ခြိမ်းခြောက်ငွေညှစ်မှု၊ လုပ်ပွဲကစားမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု ဒါမှမဟုတ် အဂတိလိုက်စားမှုတွေမှာ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး" ဆိုတဲ့ စာသားကို ခနဲ့တဲ့တဲ့ ရေးသားထားပါတယ်။
၂၀၁၇ ခုနှစ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ဝယ်ယူခဲ့သလို ဂရိကလပ် အိုလံပီယာကော့စ်အသင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ မာရီနာကစ်ကတော့ လုပ်ပွဲကစားမှု၊ အဂတိလိုက်စားမှုနဲ့ အခြားတရားမဝင်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
တနင်္လာနေ့မှာ တင်သွင်းခဲ့တဲ့ ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်လို့ မာရီနာကစ်ရဲ့ရှေ့နေတွေရော၊ စွပ်စွဲခံရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းပါ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။