အန်ဖီးလ်ကွင်းဆီ တကျော့ပြန်ရောက်ရှိလာလို့ ဝမ်းသာပီတိဖြစ်နေတဲ့ လီဗာပူးတိုက်စစ်မှူးဟောင်းမီနာမီနို
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ မိုနာကိုတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွက် အန်ဖီးလ်ကွင်းဆီ ပြန်လာခွင့်ရရှိလို့ တာကုမီမီနာမီနို အမှန်တကယ်ဝမ်းသာနေပါတယ်။
ဒီဂျပန်လက်ရွေးစင်ကစားသမားက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ လီဗာပူးဆီ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ နှစ်နှစ်ခွဲကြာဖြတ်သန်းရာ ၅၅ ပွဲကစား၊ ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။
လီဗာပူးမှာရှိနေချိန်အတွင်း မီနာမီနိုက ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုတော့ မိုနာကိုအတွက် ကိုယ်စားပြုထားတဲ့ မီနာမီနိုက အသင်းဟောင်းအပေါ် ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမဲ့ အန်ဖီးလ်ကွင်းကြီးဆီ တကျော့ပြန်ရောက်ရှိလာလို့ တကယ်ကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။
"ဒီကို ပြန်လာရတာ တကယ်ပျော်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက တကယ့်ကို ထူးခြားတဲ့ နေရာတစ်ခုပါပဲ" လို့ မီနာမီနိုက လီဗာပူးအသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။
"ကျွန်တော့်မှာ အမှတ်တရကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အကောင်းဆုံးအမှတ်တရတစ်ခုကတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ဖလားပွဲစဉ်ပါပဲ။"
"အဲဒီပွဲမှာ ကျွန်တော်တို့ ၂-၃ ဂိုးဖြင့် ရှုံးနိမ့်နေချိန် ဂျိမ်းစ်မီလ်နာရဲ့ဖြတ်တင်ဘောမှတဆင့် ကျွန်တော်က ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပယ်နယ်တီအဆုံးအဖြတ် ကျွန်တော်တို့ အနိုင်ရရှိခဲ့တာပေါ့"
"ပရိသတ်တွေနဲ့အတူရှိခဲ့တဲ့ အဲဒီပွဲစဉ်က ကျွန်တော့်အတွက်တော့ အကောင်းဆုံး အမှတ်တရတွေအနက် တစ်ခုပါပဲ" လို့ သူက ပြောကြားခဲ့ပါတယ်။