စွမ်းဆောင်ရည်ပိုင်း မတည်ငြိမ်သေးဘူးလို့ လီဗာပူးအသင်းဆီ အီရာအိုလာ ပြင်းပြင်းထန်ထန်သတိပေး
တနင်္ဂနွေနေ့၊ မိုနာကိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးနည်းပြသစ်အီရာအိုလာက သူ့အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် သိပ်ပြီး အားရကျေနပ်ပုံ မပေါ်ပါဘူး။
အန်ဖီးလ်ကွင်းအတွင်း လီဗာပူးနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ရတဲ့ပွဲစဉ်မှာ အီရာအိုလာက အသင်းပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြကြိုဆိုမှုကို ရရှိခဲ့ပါတယ်။
အီရာအိုလာရဲ့အသင်းက ပွဲစစချင်းမှာတင် တကယ်ကိုမြန်ဆန်လှတဲ့ အရှိန်အဟုန်နဲ့အတူ အီဆက်ခ်၊ ဖလော်ရီယန်ဝစ်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးက နှစ်ပွဲဆက်အဖြစ် နှစ်ဂိုးအသာစီးရရှိထားမှုကို စွန့်လွှတ်လိုက်ရပြီး ဒုတိယပိုင်းမှာ မိုနာကိုရဲ့ Comeback နဲ့အတူ ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးမှာ LFC TV နဲ့ တွေ့ဆုံချိန် အီရာအိုလာက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်မစတင်ခင် အသင်းလူစာရင်းပိုင်းကို ကြီးမားတဲ့ပြဿနာတစ်ခုအဖြစ် ပုံဖော်လိုက်ပြီး "ကျွန်တော်တို့ လိုချင်တဲ့ အဆင့်အတန်းအတိုင်း အကြာကြီး ဆက်မကစားနိုင်ဘူး" လို့ ဝန်ခံခဲ့ပါတယ်။
"ဒါက လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်နဲ့ အတော်လေးတူညီပါတယ်" လို့ သူက ဆိုပါတယ်။
"ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့သလို အထူးသဖြင့် ပထမပိုင်းနာရီဝက်မှာဆိုရင် အရမ်းကောင်းပါတယ်။ လက်ရှိမှာတော့ ဒီလိုပုံစံမျိုး အကြာကြီးဆက်ကစားနိုင်ဖို့အတွက် ကျွန်တော်တို့မှာ လိုအပ်တဲ့ အဆင့်အတန်းမျိုး သိပ်မရှိသေးပါဘူး။ မိုနာကိုအတွက်တော့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်"
"ရာသီကြိုအဖွင့်ပွဲစဉ်နှစ်ခုမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပေမဲ့ နောက်ဆုံးနှစ်ပွဲမှာတော့ တစ်ပွဲလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့လိုချင်တဲ့အဆင့်အတန်းကို မထိန်းထားနိုင်ခဲ့ပါဘူး။ လူစားလဲမှုအချို့လုပ်လိုက်တာနဲ့ ကစားသမားတွေ ပင်ပန်းလာပြီး အရင်ခြေစွမ်းကို မထိန်းနိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန်ကြိုးစားသွားရပါတော့မယ်" လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။