အန်ဖီးလ်ကွင်းပွဲဦးထွက်ယှဉ်ပြိုင်ကစားမှုအပြီး လီဗာပူးပရိသတ်တွေဆီ သတင်းစကားပါးလိုက်တဲ့ ဗစ်တာမူနော့ဇ်
အခုနွေရာသီမှာ လီဗာပူးကစားသမားဖြစ်လာတဲ့ ဗစ်တာမူနော့ဇ်က လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ ပထမဆုံးအကြိမ် ကစားခွင့်ရရှိပြီးနောက် ကျေးဇူးတင်စကား ပြောဆိုလိုက်ပါတယ်။
အိုဆာဆူနာမှပြောင်းရွှေ့လာတဲ့တောင်ပံကစားသမားက မိုနာကိုအသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ကစားခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှ လီဗာပူးနဲ့အတူ လေ့ကျင့်ရေးစတင်ခဲ့တဲ့ မူနော့ဇ်က အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် မိနစ် ၃၀ ကြာ ပါဝင်ကစားပေးခဲ့ပါတယ်။
စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားအောင်ပွဲ ရရှိထားတဲ့ မူနော့ဇ်ကတော့ ကြံ့ခိုင်မှုပိုင်း တိုးတက်လာအောင်နဲ့ အန်ဖီးလ်လူနေမှုဘ၀မှာ အသားကျလာအောင် ဆက်လက်ကြိုးစားပါလိမ့်မယ်။
လူမှုကွန်ရက်စာမျက်နှာမှတဆင့် မူနော့ဇ်က "ကျွန်တော်တို့ ပရိသတ်တွေရှေ့မှာ လီဗာပူးအသင်းနဲ့အတူ ပွဲဦးထွက်ကစားခွင့်ရလို့ တကယ်ပဲ ဝမ်းသာမိပါတယ်။ အားပေးမှုတွေအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ပိုပြီးတိုးတက်လာဖို့နဲ့ အောင်မြင်မှုတွေ ရလာဖို့အတွက်လည်း ကျွန်တော်တို့ ဆက်ပြီး အပြင်းအထန် ကြိုးစားသွားပါမယ်။ Up the Reds!" လို့ ရေးသားဖော်ပြခဲ့ပါတယ်။