ခေါင်းဆောင်မှုအကျပ်အတည်းကြုံနေတဲ့ အင်ဖန်တီနိုကို ရာထူးမှဖယ်ရှားဖို့ ကြိုးပမ်းမှုအပေါ် ဖီဖာ ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ-FIFA)က ဥက္ကဋ္ဌအင်ဖန်တီနိုကို ရာထူးမှ ကျဆင်းသွားအောင် "စနစ်တကျဆက်တိုက်ကြိုးစားနေမှုတွေ" ရှိနေတယ်လို့ သတိပေးလိုက်ပြီး အင်ဖန်တီနိုရဲ့ခေါင်းဆောင်မှုကို စိန်ခေါ်ချင်တယ်ဆိုရင် အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ဒီမိုကရေစီနည်းကျ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်ဆောင်ရမယ်လို့ စနေနေ့မှာ ဆိုပါတယ်။
ကမ္ဘာ့ဖလားနဲ့ တခြားပြိုင်ပွဲတွေရဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကို ရောင်းချပြီး ဒေါ်လာ ၄ဒဿမ၂ ဘီလျံ ရှာဖွေမယ့် အင်ဖန်တီနိုရဲ့စီမံကိန်း ပျက်ပြားသွားပြီးနောက်ပိုင်း အခြေအတင်ဖြစ်နေကြချိန် အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
အဲဒီစီမံကိန်းကြောင့် ယူအီးအက်ဖ်အေ (UEFA)၊ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဖီဖာ အဆင့်မြင့်အရာရှိတွေရဲ့ဝေဖန်မှုကို အင်ဖန်တီနို ခံစားခဲ့ရပြီး ရာထူးမှနုတ်ထွက်ပေးဖို့အထိပါ တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါကြောင့် အခုသီတင်းပတ်၊ မော်ရိုကိုမှာ ဖီဖာခေါင်းဆောင်ပိုင်းရဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဖီဖာခေါင်းဆောင်ပိုင်းကတော့ ဥက္ကဋ္ဌကို ဆက်လက်ထောက်ခံသွားမယ်လို့ အတည်ပြုထားပါတယ်။
ဖီဖာဘက်ကတော့ အင်ဖန်တီနိုကို နာမည်ဖျက်ဖို့ ဘယ်သူတွေလုပ်နေတာလဲဆိုတာကို အမည်တပ်မပြောထားပါဘူး။ ဒါပေမဲ့ The Daily Telegraph သတင်းစာအဆိုအရ အင်ဖန်တီနိုရဲ့ယူအီးအက်ဖ်အေအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့ချိန်အတွင်း ဝန်ထမ်းဟောင်းတစ်ဦးနဲ့ ငွေပေးငွေယူတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အင်ဖန်တီနိုကတော့ ဒါကို ငြင်းဆိုထားသလို ဖီဖာကလည်း အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။
"ဖီဖာအဖွဲ့ဝင်နိုင်ငံတွေရဲ့ထောက်ခံမှု မရှိတဲ့သူတွေအနေနဲ့ ဖီဖာရဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှတဆင့် မအောင်မြင်နိုင်တဲ့အရာအတွက် အခုလို စွပ်စွဲချက်တွေ၊ သတင်းအမှားတွေ မလုပ်သင့်ပါဘူး" လို့ ဖီဖာက ပြောပါတယ်။ ဒီလိုမဟုတ်မမှန်ဘူးလို့ ယူဆထားတဲ့ သတင်းတွေကိုလည်း ပြတ်ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေနဲ့မညီတဲ့ ဘယ်လုပ်ရပ်မျိုးကိုမှ လက်ခံပေးသွားစရာမရှိဘူးလို့လည်း ဆိုပါတယ်။ "ဖီဖာဥက္ကဋ္ဌကို အဖွဲ့ဝင်နိုင်ငံတွေက ဒီမိုကရေစီနည်းကျ ရွေးချယ်ထားပြီး အဲဒီလုပ်ပိုင်ခွင့်နဲ့ပဲ ဆက်ပြီး တာဝန်ထမ်းဆောင်နေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ မော်ရိုကိုအစည်းအဝေးမှာတော့ အငြင်းပွားဖွယ်စီမံကိန်းကိုင်တွယ်ပုံ မှားယွင်းခဲ့မှုအတွက် အဖွဲ့ဝင် ၂၁၁ နိုင်ငံကို ဖီဖာက တောင်းပန်ခဲ့ပေမဲ့ အင်ဖန်တီးနိုကိုတော့ အပြည့်အဝ ဆက်ပြီး ထောက်ခံသွားမယ်လို့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။
အခုဖြစ်ရပ်တွေကြောင့် လာမယ့်မတ်လ၊ မော်ရိုကိုမှာကျင်းပမယ့် ဖီဖာညီလာခံအတွင်း လေးကြိမ်ဆက်သက်တမ်းအတွက် အရွေးချယ်ခံမယ့် အင်ဖန်တီနိုအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အခုအထိတော့ အင်ဖန်တီနိုကို စိန်ခေါ်မယ့်သူ တရားဝင် မထွက်ပေါ်လာသေးပါဘူး။
ယူအီးအက်ဖ်အေကတော့ အင်ဖန်တီနိုကို အယုံအကြည် မရှိတော့ဘူးလို့ ပြောထားသလို နော်ဝေဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလီဆာကလည်း အင်ဖန်တီနိုမှာ အဖွဲ့အစည်းကို အုပ်ချုပ်ဖို့ လိုအပ်တဲ့ယုံကြည်မှုမျိုး မရှိနိုင်တော့လို့ ရာထူးမှနုတ်ထွက်သင့်ပြီလို့ သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အင်ဖန်တီနိုက အဖွဲ့ဝင် ၂၁၁ နိုင်ငံအကြား ထောက်ခံမှုတွေ အများအပြား ရရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က သူ့ကို တညီတညွတ်တည်း ထောက်ခံခဲ့သလို တောင်အမေရိက(CONMEBOL)ကလည်း အဖွဲ့ဝင်အားလုံး ဆန္ဒမဲမပေးဘဲ အင်ဖန်တီနိုကို ရာထူးမှဖယ်ရှားဖို့ ကြိုးစားမှုမှန်သမျှကို လက်မခံဘူးလို့ ဆိုပါတယ်။
မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်(FMF)ကလည်း အင်ဖန်တီနိုကို ထောက်ခံထားပါတယ်။ သူတို့ရဲ့ဒေသတွင်းအဖွဲ့ချုပ်ဖြစ်တဲ့ CONCACAF ကတော့ အင်ဖန်တီးနိုရဲ့ဥက္ကဋ္ဌသက်တမ်းကို ပြန်လည်စစ်ဆေးဖို့ တောင်းဆိုထားပေမဲ့ မက္ကဆီကိုကတော့ လုပ်ထုံးလုပ်နည်းပြင်ပမှ လုပ်ဆောင်အားလုံးကို အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။