အကြပ်အတည်းတွေ့နေတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအတွက် ထောက်ခံပေးထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်
အင်ဖန်တီနိုရဲ့ ဖီဖာဥက္ကဋ္ဌအဖြစ် နောက်ထပ်သက်တမ်းတစ်ခု ဆက်လက်တာဝန်ယူနိုင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထောက်ခံပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ဆွစ်ဇာလန် ဘောလုံးအဖွဲ့ချုပ်(SFV)က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
ဇွန်လအတွင်း ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့အမှုဆောင်ကော်မတီအစည်းအဝေးက ဆွစ်ဇာလန်နိုင်ငံသားရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကို အပြည့်အ၀ထောက်ခံပေးခဲ့ပေမဲ့ စက်တင်ဘာ ၂၅ ရက်မှာတော့ ဒီထောက်ခံပေးထားမှုကို ပြန်လည်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
SFV ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ "ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို ဘက်ပေါင်းစုံပြန်လည်သုံးသပ်ပြီးနောက် အခုလိုအပြောင်းအလဲပြုလု်ပဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
"SFV ရဲ့အမြင်အရ ဒီအဖြစ်အပျက်အမျိုးမျိုးကြောင့် ဖီဖာအဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု၊ စီမံအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အခြေခံကျတဲ့မေးခွန်းတွေ ပေါ်ပေါက်စေခဲ့ပါတယ်" လို့လည်း ထပ်လောင်း ဖော်ပြထားပါတယ်။
လာမယ့်မတ်လအတွင်း ဖီဖာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရဖို့ ကြိုးပမ်းနေတဲ့ အင်ဖန်တီနိုက ဇူလိုင်လအတွင်း ကမ္ဘာ့ဖလားအပါအဝင် ဖီဖာပြိုင်ပွဲတွေရဲ့ ရှယ်ယာတစိတ်တပိုင်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီအစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ကြီးကြီးမားမားထွက်ပေါ်လာခဲ့ပြီး ဒီရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
အင်္ဂလန်၊ ဝေးလ်၊ ပြင်သစ်၊ ဆားဘီးယားနဲ့ အခြားဥရောပနိုင်ငံတွေရဲ့ ဘောလုံးအဖွဲ့ချုပ်တွေကလည်း ရွေးကောက်ပွဲမတိုင်ခင် အင်ဖန်တီနိုအပေါ် သူတို့ရဲ့ထောက်ခံပေးထားမှုကို ရုပ်သိမ်းထားပြီး အခုလို ဆွစ်ဇာလန်ရဲ့ထောက်ခံမှုပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် အင်ဖန်တီနိုအတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလနောက်ဆုံးသတ်မှတ်ရက်မတိုင်ခင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပြိုင်ဘက်ဥက္ကဋ္ဌလောင်းတစ်ဦး တင်သွင်းသွားမယ်လို့ ကတိပြုထားပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် အင်ဖန်တီနိုက ကမ္ဘာ့ဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုနေချိန် ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုသံတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေဆီ အခုလအတွင် ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ပေးထားတယ်လို့ အင်ဖန်တီနိုကိုယ်တိုင် ရေးသားထားပေမဲ့ ဖီဖာရဲ့တာဝန်၀တ္တရားတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်ဆိုင်ရာ အဓိကမေးခွန်းတွေကိုတော့ အဖြေမပေးဘဲ ချန်လှပ်ထားခဲ့တယ်လို့ SFV က ဆိုပါတယ်။
"ဒီအချက်တွေကို ယုံကြည်လက်ခံနိုင်လောက်တဲ့အထိ ရှင်းလင်းတင်ပြနိုင်ခြင်း မရှိလို့ အင်ဖန်တီနိုရဲ့ဥက္ကဋ္ဌလောင်း ဝင်ရောက်ယှဉ်ပြိုင်မှုကို ဆက်လက်ထောက်ခံသွားဖို့အတွက် ကျွန်တော်တို့ဘက်မှာ အကြောင်းပြချက် မရှိတော့ပါဘူး" လို့ SFV က ထပ်လောင်းပြောကြားခဲ့ပါတယ်။