The network connection is lost.

Banner Image

ဖီဖာဥက္ကဋ္ဌရာထူးအတွက် အင်ဖန်တီနိုနဲ့အပြိုင် ရွေးကောက်ပွဲဝင်သွားမယ့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားလာတဲ့ ရာမွန်ဗီဂါ

လာမယ့်နှစ်၊ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဆွစ်ဇာလန်တစ်နိုင်ငံတည်းသားဖြစ်တဲ့ အင်ဖန်တီနိုနဲ့ ရင်ဆိုင်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိတယ်လို့ တော့တင်ဟမ်နောက်ခံလူဟောင်း ရာမွန်ဗီဂါက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး လက်ရှိဥက္ကဋ္ဌကို စိန်ခေါ်ဖို့ လူသိရှင်ကြားထုတ်ဖော်ကြေညာလာတဲ့ ပထမဆုံးဥက္ကဋ္ဌလောင်း ဖြစ်လာပါတယ်။

မတ်လမှာ ပြန်လည်ရွေးကောက်ခံဖို့ ကြိုးပမ်းနေတဲ့ အင်ဖန်တီနိုက ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲတွေနဲ့သက်ဆိုင်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားမယ့် ဖီဖာရဲ့ စီးပွားရေးလုပ်ငန်းခွဲအသစ်တစ်ခုဆီ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ယူသွားဖို့ ဇူလိုင်လအတွင်း ကြိုးပမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ပိုမိုကြီးထားလာတဲ့ ကန့်ကွက်မှုတွေနဲ့ပဲ ရင်ဆိုင်လိုက်ပါတယ်။

အသက် ၅၅ နှစ်အရွယ်ဗီဂါက ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဆွစ်ဇာလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီး ကာဂလီယာရီ၊ တော့တင်ဟမ်၊ ဆဲလ်တစ်နဲ့ ဝက်ဖို့ဒ်အပါအဝင် ကလပ်အသင်းများစွာမှာ ကစားသမားကို အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့ပါတယ်။

သူက ၁၉၉၉ ခုနှစ်မှာ တော့တင်ဟမ်နဲ့အတူ ကာရာဘောင်ဖလား ဆွတ်ခူးခဲ့ပြီး အဲဒီနောက် ၂၀၀၀-၂၀၀၁ ဘောလုံးရာသီမှာ ဆဲလ်တစ်အတွက် စကော့တလန် ပရီးမီးယားလိဂ်၊ စကော့တစ်ရှ်ဖလားနဲ့ စကော့တစ်ရှ် လိဂ်ဖလားတို့ကို ဆွတ်ခူးပေးရင်း ပြည်တွင်းဖလားသုံးလုံးချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။

ဗီဂါက သူ့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းမှာ "ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ဘောလုံးအားကစားနဲ့ အဲ့ဒီအားကစားကို အသက်ဝင်စေတဲ့ ပြည်သူလူထုအပေါ် အကျိုးပြုဖို့ပါပဲ" လို့ ထုတ်ဖော်ခဲ့ပါတယ်။

"ကမ္ဘာ့ဘောလုံးမိသားစုကို ပြန်လည်စည်းလုံးစေဖို့၊ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ဖို့၊ ၂၁ ရာစုအတွက် ဖီဖာကို ခေတ်မီအောင် ပြုပြင်ဖို့၊ တည်ငြိမ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ကျွန်တော်တို့ရဲ့ဘောလုံးလောကအတွက် အရေးတကြီးလိုအပ်နေတဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခုလိုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်" လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်က ဖီဖာဥက္ကဋ္ဌအဖြစ် နောက်ထပ် သက်တမ်းတစ်ခု ဆက်လက်တာဝန်ယူမယ့် အင်ဖန်တီနိုရဲ့ ကြိုးပမ်းမှုအပေါ် ထောက်ခံပေးမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အင်္ဂလန်၊ ဝေးလ်စ်၊ ပြင်သစ်၊ ဆားဘီးယားနဲ့ တခြားသော ဥရောပနိုင်ငံအများအပြားရှိ ဘောလုံးအဖွဲ့ချုပ်တွေကလည်း ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ထောက်ခံမှုတွေကို ရုပ်သိမ်းထားပြီးဖြစ်လို့ အသက် ၅၆ နှစ်အရွယ် အင်ဖန်တီနိုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ကလည်း နိုဝင်ဘာလနောက်ဆုံးရက်မတိုင်မီ ပြိုင်ဘက် ဥက္ကဋ္ဌလောင်းတစ်ဦး တင်သွင်းသွားမယ်လို့ ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့လအတွင်း အင်ဖန်တီနိုက ဖီဖာရဲ့အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ် ၂၁၁ ခုဆီ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်တွေကို သီခြားလွတ်လပ်စွာ ပြန်လည်သုံးသပ်ပေးသွားဖို့ အဆိုပြုခဲ့ပါတယ်။

ဗီဂါကတော့ အင်ဖန်တီနိုကိုစိန်ခေါ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်ကို လူသိရှင်ကြားအတည်ပြုခဲ့တဲ့ ပထမဆုံးဥက္ကဋ္ဌလောင်း ဖြစ်ပါတယ်။ သူက ၂၀၁၅ ခုနှစ်၊ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာလည်း ဖီဖာဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြေတွေကို စုံစမ်းလေ့လာခဲ့ဖူးပါတယ်။

"ဘောလုံးအားကစားဆိုတာ ဥက္ကဋ္ဌတွေ၊ အဖွဲ့ချုပ်တွေ သို့မဟုတ် အုပ်ချုပ်သူတွေရဲ့ သီးသန့်ပိုင်ဆိုင်မှု မဟုတ်ပါဘူး။ ဘောလုံးအားကစားက ဘယ်ရာထူး၊ ဘယ်လူပုဂ္ဂိုလ် သို့မဟုတ် ဘယ်အဖွဲ့အစည်းထက်မဆို ပိုမို ကြီးကျယ်ပါတယ်" လို့ ဗီဂါက ဆက်ပြောပါတယ်။ "

"ဒါက ပြည်သူတွေရဲ့အားကစားဖြစ်ပြီး လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဘောလုံးအားကစားကို အသက်ဝင်စေတဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ ဒိုင်လူကြီးတွေ၊ ပရိသတ်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ကလပ်အသင်းတွေ၊ လိဂ်တွေ၊ အသင်းအဖွဲ့တွေနဲ့ လူထုအသိုက်အဝန်းတွေ အားလုံးပါပဲ..."

"လက်ရှိခေါင်းဆောင်မှုပိုင်းကတော့ ဘောလုံးလောကကို စိတ်ဓာတ်ကျဆင်းစေခဲ့ပါတယ်... အားနည်းတဲ့ စီမံအုပ်ချုပ်မှုက ဖီဖာရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သလို ကမ္ဘာ့ဘောလုံးမိသားစုတစ်ခုလုံးရဲ့ ယုံကြည်မှုကိုလည်း ပျက်ပြားစေခဲ့ပါတယ်။ ဒီပဋိပက္ခ ပိုမို ကြီးထွားမလာအောင် ကျွန်တော်တို့ ရပ်တန့်ရပါမယ်" လို့လည်း ဆက်ပြောခဲ့ပါတယ်။

အခုလို ဗီဂါရဲ့လှုပ်ရှားမှုနဲ့စပ်လျဉ်းလို့ ဖီဖာအုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ အင်ဖန်တီနိုဆီမှ တစုံတရာတုံ့ပြန်လာခြင်း မရှိသေးပါဘူး။