The network connection is lost.

Banner Image

အင်ဖန်တီနိုကို အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) တညီတညွတ်တည်း ထောက်ခံ

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အစုရှယ်ယာတွေ ရောင်းချမယ့်အကြံအစည် ပျက်ပြားသွားပေမဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပေါ်ထားရှိတဲ့ သူတို့ရဲ့ထောက်ခံမှုကို ကြာသပတေးနေ့မှာ တညီတညွတ်တည်း ထပ်မံပြသလိုက်ပါတယ်။

အင်ဖန်တီနိုကို ရာထူးမှာ မြင်နေရသရွေ့ နောင်လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို သပိတ်မှောက်သွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ကြေညာချက် ထွက်ပေါ်လာတဲ့နေ့မှာပဲ CAF ရဲ့ အဆင့်မြင့်ဆုံးအဖွဲ့က လာမယ့်မတ်လအတွင်း ဥက္ကဋ္ဌအဖြစ် ပြန်လည်အရွေးခံမယ့် အင်ဖန်တီနိုဘက်မှာ ပြတ်ပြတ်သားသားရပ်တည်လိုက်ပါတယ်။

ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံအနက် CAF အဖွဲ့ဝင် ၅၄ နိုင်ငံ ပါဝင်ပြီး အင်ဖန်တီနိုရာထူးလက်ခံရယူချိန် ၂၀၁၆ ခုနှစ်ကတည်းက အဓိကထောက်ခံပေးနေတဲ့ သြဇာကြီးမားတဲ့ မဲပေးပိုင်ခွင့်ရှိသူ အစုအဖွဲ့လည်း ဖြစ်ပါတယ်။

CAF ရဲ့ထုတ်ပြန်ချက်မှာ "CAF အမှုဆောင်ကော်မတီက ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုအပေါ် ထောက်ခံကြောင်း တညီတညွတ်တည်း ထပ်မံအတည်ပြုလိုက်သလို နှစ်ပေါင်းများစွာကြာ အာဖရိကဘောလုံးလောကအတွက် သူကူညီပေးခဲ့မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားရဲ့စီးပွားရေးဆိုင်ရာအခွင့်အရေးတွေကို ရောင်းချဖို့ ကြံစည်မှုကြောင့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်တွေရဲ့ ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်ချက်တွေ ရှိသလဲဆိုတာ ပြန်လည်ဆန်းစစ်မယ်ဆိုတဲ့ ဖီဖာရဲ့ကတိကဝတ်ကိုလည်း CAF ဥက္ကဋ္ဌပတ်ထရစ်မော့တ်ဆီပီက ကြိုဆိုလိုက်ပါတယ်။

"ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုနဲ့ အတွင်းရေးမှူးချုပ်မားသီးယပ်စ်ဂရပ်စထရွမ်းတို့ရဲ့ နောက်ဆုံးရှင်းလင်းချက်ကို CAF က ကြိုဆိုထောက်ခံပါတယ်" လို့ မော့တ်ဆီပီက ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

"ဖီဖာ၊ အဖွဲ့ဝင်နိုင်ငံတွေ၊ တခြားသော ဘောလုံးအဖွဲ့ချုပ်တွေနဲ့အတူ ပူးပေါင်းပြီး မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စံနှုန်းတွေကို လိုက်နာစောင့်ထိန်းသွားဖို့နဲ့ တစ်ကမ္ဘာလုံးမှာ ဘောလုံးအားကစား တိုးတက်လာအောင် လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သန္နိဌာန်ချထားပါတယ်" လို့ သူက ဆိုပါတယ်။

"FIFA Forward Enterprise" (FFE) တည်ထောင်ပြီး ကမ္ဘာ့ဖလား အခွင့်အရေးတွေကို ရောင်းချဖို့ ကြိုးစားခဲ့လို့ တစ်ကမ္ဘာလုံးနီးပါးရဲ့ဝေဖန်မှုကို ရင်ဆိုင်နေရတဲ့ အင်ဖန်တီနိုအတွက် CAF ရဲ့ထောက်ခံမှု  အသက်ရှူချောင်စေမယ့် သတင်းတစ်ခု ဖြစ်လာပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာလည်း အာဖရိကဘောလုံးလောကရဲ့ သြဇာအကြီးမားဆုံးခေါင်းဆောင်ငါးဦးက အင်ဖန်တီနိုကို ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ကြပါတယ်။ မော်ရိုကိုရဲ့ CAF ဒုဥက္ကဋ္ဌ ဖူဇီလက်ဂျာနဲ့အတူ ဖီဖာကောင်စီဝင်တွေဖြစ်တဲ့ ဟာနီအဘိုရီဒါ (အီဂျစ်)၊ ဟာမီဒူဂျီဘရီလာ (နိုင်ဂျာ) နဲ့ အာမက်ယာယီယာ (မော်ရီတေးနီးယား) တို့ကလည်း အင်ဖန်တီနိုကို ဆက်လက်ထောက်ခံသွားမယ်လို့ သိရပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသစ် ဗီရွန်မိုဆန်ဂို-အွန်ဘာကလည်း ထောက်ခံပေးတယ်ဆိုတဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်။

အတိတ်မှာလည်း မော့တ်ဆီပီက  အခုလိုအရှုပ်တော်ပုံတွေမပေါ်ခင်ကတည်းက အင်ဖန်တီးနိုကို အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ "ကျွန်တော်ကတော့ အင်ဖန်တီနိုကို ပုဂ္ဂိုလ်ရေးအရလည်း ထောက်ခံပါတယ်။ သူက မိတ်ဆွေကောင်းတစ်ဦးတင်မက သစ္စာရှိတဲ့ သူငယ်ချင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူက အာဖရိကအပေါ်မှာလည်း သစ္စာရှိပါတယ်။ ကိုယ့်အပေါ် သစ္စာရှိတဲ့သူကို ဘယ်တော့မှ နောက်ကျော ဓားနဲ့မထိုးရဘူးဆိုတဲ့ အစဉ်အလာကို ကျွန်တာ် ကိုင်စွဲထားပါတယ်" လို့ သူက ပြောကြားခဲ့ဖူးပါတယ်။