လီဗာပူးအတွက် အဆမတန်များပြားလွန်းတဲ့ ဘာကိုလာရဲ့ပြောင်းရွှေ့ကြေးလို့ ဝေဖန်လိုက်တဲ့ အိုဝင်
မိုက်ကယ်အိုဝင်က ပီအက်စ်ဂျီကြယ်ပွင့်ဘာကိုလာကို ခေါ်ယူဖို့အတွက် လီဗာပူးလ်ရဲ့ကြိုးပမ်းနေမှုအပေါ် ဝေဖန်လိုက်ပါတယ်။
အခုနွေရာသီမှာ အန်ဖီးလ်မှ မိုဆာလက်ထွက်ခွာသွားပြီးနောက် လီဗာပူးက ဘောလုံးရာသီအတွက် တိုက်စစ်ပိုင်းကိုဦးဆောင်နိုင်မယ့် တောင်ပံကစားသမားသစ်တစ်ဦး အသည်းအသန်ရှာဖွေနေပါတယ်။
လိုက်ပ်ဇစ်ကြယ်ပွင့်ဒီအိုမန်ဒီကို ခေါ်ယူမယ့် အစီအစဉ် ပျက်ပြားသွားပြီးနောက် လီဗာပူးက ဘာကိုလာဆီ အာရုံစိုက်လာပါတယ်။ သတင်းတွေအရ ဘာကိုလာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းဝန်းကျင် ရှိနိုင်လို့ အပြောင်းအရွှေ့သာဖြစ်မြောက်လာမယ်ဆိုရင် လီဗာပူးရဲ့ စံချိန်တင်ကစားသမားသစ်ခေါ်ယူမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။
ဘာကိုလာက ၂၀၂၃ ခုနှစ်မှာ လိုင်ယွန်မှ ပီအက်စ်ဂျီဆီ ပေါင် ၃၈ ဒဿမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ပါရီအခြေစိုက်ကလပ်အသင်းနဲ့အတူ လီဂူးဝမ်းချန်ပီယံဆု သုံးကြိမ်၊ ပြင်သစ်ရှုံးထွက်ဖလား နှစ်ကြိမ်၊ ယူအီအက်ဖ်အေစူပါဖလားနဲ့ ဖီဖာအပြည်ပြည်ဆိုင်ရာကလပ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပီအက်စ်ဂျီမှာ ဒီပြင်သစ်လက်ရွေးစင်ကစားသမား အမှန်တကယ်ခြေစွမ်းပြနေပေမဲ့ မိုက်ကယ်အိုဝင်ကတော့ ဘာကိုလာရဲ့ပြောင်းရွှေ့ကြေး အလွန်မြင့်မားနေပြီး အဲ့ဒီလောက်အတိုင်းအတာအထိ ပေးချေစရာ မလိုဘူးလို့ ယူဆနေပါတယ်။
"ပရီးမီးယားလိဂ်မှာလည်း အစွမ်းမပြသရသေးသူအတွက် တကယ့်ကို အဆမတန်များပြားလွန်းတဲ့ ဈေးနှုန်းပဲ မဟုတ်လား" လို့ အိုဝင်က Casino.org ကို ပြောပါတယ်။ "အမြင့်ဆုံးအဆင့်အတန်းမျိုးမှာ ဘာကိုလာ ကစားထားတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ တစ်နေနေရာမှာတော့ ငြင်းကိုငြင်းရမယ့် အချိန် ရှိပါတယ်။ ပေါင် ၁၄၅ သန်းဆိုတာတော့ တကယ့်ကို မယုံကြည်နိုင်စရာ စျေးနှုန်းပါပဲ"
"လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ကျွန်တော်သာ လီဗာပူးဆိုရင် မိုဆာလက်ရဲ့နေရာကို ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်နဲ့ အစားထိုးဖို့ ကြိုးစားသွားပါမယ်။ ဒါက ပိုအဓိပ္ပါယ်ရှိမယ်လို့ ကျွန်တော် ယူဆထားခဲ့ပါတယ်"
"ဒါပေမဲ့ အခုတော့ အဲဒါက မဖြစ်နိုင်တော့တဲ့ ပုံစံပါပဲ။ ပြဿနာက ထိပ်တန်းကစားသမားတစ်ယောက်ကို အသည်းအသန်လိုချင်နေတယ်ဆိုတာ လူတိုင်းသိနေတော့ ဈေးကြီးကြီး ပေးရတော့မယ်ဆိုတာပါပဲ။ ဒါက ခင်ဗျားတို့ လုပ်ကိုလုပ်ရမယ့်အလုပ် ဖြစ်နိုင်ပေမဲ့ ပေါင် ၁၄၅ သန်းဆိုတာတော့ တကယ် များလွန်းပါတယ်" လို့ အိုဝင်က ပြောပါတယ်။
ဘာကိုလာက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားပေးထားပြီး အခုနွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သုံးဂိုး သွင်းယူခဲ့ပါတယ်။ ဒီလူငယ်ကစားသမားက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာနေလို့ ဒီစျေးနှုန်းနဲ့ ထိုက်တန်ရဲ့လားဆိုတာ လီဗာပူးအသင်းကိုယ်တိုင်ပဲ ဆုံးဖြတ်သွားရပါတော့မယ်။