The network connection is lost.

Banner Image

ကမ္ဘာ့ဖလားစီမံကိန်းကိစ္စအတွက် တောင်းပန်ပြီး ဥက္ကဋ္ဌအင်ဖန်တီနိုကို ဆက်လက်ထောက်ခံပေးထားတဲ့ ဖီဖာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုမယ့် စီမံကိန်းကြောင့် အငြင်းပွားမှုတွေ ဖြစ်ခဲ့ရခြင်းအပေါ် ဖီဖာ(FIFA)ခေါင်းဆောင်ပိုင်းက ဗုဒ္ဓဟူးနေ့မှာ တောင်းပန်လိုက်ပါတယ်။ ဒါပေမဲ့ ဖီဖာအကြီးအကဲတွေက ဥက္ကဋ္ဌအင်ဖန်တီနိုကို အပြည့်အဝထောက်ခံတယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဖီဖာရဲ့ထုတ်ပြန်ချက်မှာ "ဒီစီမံကိန်းနဲ့ပတ်သက်တဲ့အဆိုပြုချက်သတင်းတွေ မီဒီယာဆီ ပေါက်ကြားသွားပြီးနောက်ပိုင်း အမှားအယွင်းတချို့ ရှိခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်" လို့ ဖော်ပြထားပါတယ်။

မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး ဖီဖာအတွင်းရေးမှူးချုပ်နဲ့ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင်တွေက ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် အင်ဖန်တီနိုကို အပြည့်အ၀ထောက်ခံပေးထားတယ်လို့ အသိပေးခဲ့ပါတယ်။

အငြင်းပွားဖွယ်စီမံကိန်းနဲ့ပတ်သက်ပြီး အင်ဖန်တီနိုကို ဖီဖာအဖွဲ့အစည်းအတွင်းသာမက ပြင်ပလောကမှာပါ ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ အငြင်းပွားဖွယ်စီမံကိန်း ဖျက်သိမ်းလိုက်ပြီးနောက်မှာလည်း သူ့ကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုသံတွေ ပိုမိုများပြားလာပါတယ်။

အစောပိုင်းမှာ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက "FIFA Forward Enterprise" (FFE) လို့ခေါ်တဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲတစ်ခု တည်ထောင်ပြီး ကမ္ဘာ့ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေကို စီမံခန့်ခွဲဖို့ ကြံစည်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီရဲ့တန်ဖိုးကို ဒေါ်လာ ၂၀ ဘီလျံအထိ သတ်မှတ်ခဲ့ပြီး ပြင်ပရင်းနှီးမြှုပ်နှံသူတွေဆီမှ ရန်ပုံငွေ ဒေါ်လာ ၄ ဒဿမ ၂ ဘီလျံအထိ ရှာဖွေဖို့ စီစဉ်ခဲ့ပါတယ်။

တကယ်လို့သာ ဒီစီမံကိန်းအောင်မြင်မယ်ဆိုရင် ဖီဖာအဖွဲ့ဝင်နိုင်ငံအားလုံးကို ၂၀၂၇ ခုနှစ်မှစလို့ တစ်နိုင်ငံလျှင် ဒေါ်လာ သန်း ၂၀ စီ တစ်လုံးတစ်ခဲတည်း ပေးအပ်သွားဖို့ရှိသလို ၂၀၂၇ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ထောက်ပံ့ပေးမယ့် ငွေကြေးကိုလည်း ဒေါ်လာ ၈ သန်းမှ သန်း ၂၀ အထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီငွေတွေက မက်လုံးတစ်ခုလို ဖြစ်မလာဘဲ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေနဲ့သာ ကြုံတွေ့လိုက်ရပါတယ်။ အထူးသဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဘောလုံးလောကရဲ့တန်ဖိုးအရှိဆုံးဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သပိတ်မှောက်သွားမယ်လို့အထိ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အင်ဖန်တီနိုက သူ့ရဲ့အမှားကိုဝန်ခံပြီး စနေနေ့မှာပဲ ဒီစီမံကိန်းကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ အမြဲတမ်းစည်းလုံးညီညွတ်ဖို့နဲ့ ပိုပြီးတိုးတက်လာအောင် လုပ်ဖို့ပါပဲ" လို့ အင်ဖန်တီနိုက ပြောပါတယ်။