မိုဆာလက်ရဲ့နေရာကို ဘာကိုလာ အစားမထိုးနိုင်ဘူးလို့ ကာရေဂါ အခိုင်အမာပြောဆို
ပီအက်စ်ဂျီအသင်းမှ ဘာကိုလာကို ခေါ်ယူမှုကြောင့် မိုဆာလက်ကို လက်လွှတ်လိုက်မှုအတွက် အစားထိုးနိုင်မှု မဖြစ်လာနိုင်ဘူးလို့ ကာရေဂါက အခိုင်အမာပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းက ဂန္ထဝင်ကစားသမားမိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပြင်သစ်လက်ရွေးစင်ဘာကိုလာကို ခေါ်ယူတော့မယ်ဆိုတဲ့သတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ၄၉ ပွဲကစား၊ ၁၃ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ သူ့ကိုရောင်းချဖို့အတွက် ပြင်သစ်ကလပ်အသင်းဘက်က ပေါင် ၁၄၅ သန်းအထိ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ကာရေဂါကတော့ ဘာကိုလာကို အန်ဖီးလ်မှာ ဆာလာရဲ့နေရာဆက်ခံဖို့ မသင့်တော်ဘူးလို့ ယူဆနေပါတယ်။ အကြောင်းရင်းအဖြစ် ဘာကိုလာက ညာတောင်ပံထက် ဘယ်တောင်ပံမှာပဲ အများဆုံး ကစားတတ်လို့ပါပဲ။
"ဘာကိုလာဆိုတာ ထူးချွန်တဲ့ကစားသမားဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ကျွန်တော်လည်း ဘာကိုလာကို လီဗာပူးမှာ မြင်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ သူက ဘယ်တောင်ပံကစားသမားပါ" လို့ ကာရေဂါက Sky Sports ကို ပြောပါတယ်။
"လီဗာပူးအတွက် အခုလောလောဆယ် သိသိသာသာလိုအပ်နေတာက ညာတောင်ပံကစားသမားမိုဆာလက်ရဲ့နေရာကို အစားထိုးဖို့ပါပဲ။ လက်ရှိလူစာရင်းမှာလည်း ညာတောင်ပံအတွက် အဆင်ပြေပြေကစားနိုင်တဲ့သူ မရှိသေးဘူးလို့ ထင်ပါတယ်"
"ဘာကိုလာမရောက်ခင်ကတည်းက အသင်းရဲ့ဘယ်ခြမ်းမှာ ကောင်းကောင်းကစားနိုင်တဲ့သူ အနည်းဆုံးလေးဦးလောက် ရှိနှင့်နေပါပြီ။ အဲဒီကစားသမားတွေက ဘာကိုလာထက် ပိုထူးချွန်တယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ အသင်းရဲ့ဟန်ချက်အရ ကြည့်မယ်ဆိုရင်တော့ ဒါက လီဗာပူးအတွက် အခုချက်ချင်းလိုအပ်နေတဲ့ နေရာတော့ မဟုတ်ပါဘူး"
"အသင်းက ညာတောင်ပံကစားသမား တစ်ယောက်လည်း ခေါ်မယ်၊ ဘာကိုလာကိုလည်း ခေါ်မယ်ဆိုရင်တော့ ကျွန်တော် တကယ်ကို ဝမ်းသာမိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တော့ လက်ရှိကစားသမားတချို့ အသင်းမှ ထွက်သွားရပါလိမ့်မယ်။ ဒါကတော့ သေချာပါတယ်"
"ဒါပေမဲ့ အခုလောလောဆယ် ဒီနွေရာသီစျေးကွက်က မိုဆာလက်ရဲ့နေရာကို အစားထိုးဖို့ပဲ ဖြစ်သင့်ပါတယ်။ ဘာကိုလာကတော့ မိုဆာလက်ရဲ့နေရာကို အစားထိုးဖို့ မသင့်လျော်ပါဘူး" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။