The network connection is lost.

Banner Image

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ အစုရှယ်ယာရောင်းချသွားမယ့် အင်ဖန်တီနိုရဲ့စီမံကိန်းကို CONCACAF ပယ်ချ

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အစုရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ ကြိုးစားနေတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့စီမံကိန်းက ကွန်ကာကပ်ဖ်ဇုန်ဘောလုံးအဖွဲ့ချုပ်(CONCACAF)ရဲ့ဆန့်ကျင်မှုနဲ့ပါ ရင်ဆိုင်လိုက်ရလို့ နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဇူလိုင် ၃၀ ရက်အစောပိုင်းမှာတင် ယူအီးအက်ဖ်အေ(UEFA) အဖွဲ့ဝင် ၅၅ နိုင်ငံက ဖီဖာရဲ့ အမျိုးသား၊ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ကလပ်ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲအားလုံးကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

"FIFA Forward Enterprise" လို့ အမည်ပေးထားတဲ့ ဒေါ်လာ ၂၀ ဘီလျံတန် ကုမ္ပဏီတစ်ခု တည်ထောင်ပြီး အဲဒီကုမ္ပဏီမှတဆင့် ကမ္ဘာ့ဖလားနဲ့ အခြားပွဲစဉ်တွေကို စီမံခန့်ခွဲကာ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ပြင်ပရင်းနှီးမြှုပ်နှံသူဆီ ရောင်းချသွားမယ့် အင်ဖန်တီနိုရဲ့ အစီအစဉ်က လတ်တလောမှာ အကြီးအကျယ်အခက်တွေ့နေပါပြီ။

ကွန်ကာကပ်ဖ်ဇုန်ဘောလုံးအဖွဲ့ချုပ်နဲ့ အဖွဲ့ဝင် ၄၁ နိုင်ငံက အင်ဖန်တီနိုရဲ့အဆိုပြုချက်ကို လုံး၀လက်မခံဘဲ ပယ်ချလိုက်သလို သူတို့ရဲ့ထုတ်ပြန်ချက်မှာလည်း ဖီဖာဥက္ကဋ္ဌအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

"CONCACAF ဆိုတာ ဘောလုံးကို ချစ်မြတ်နိုးတဲ့စိတ်နဲ့အတူ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘောလုံးအားကစားကိုပဲ အမြဲဦးစားပေးပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဝန်ဆောင်မှုကောင်းတာ၊ ပွင့်လင်းမြင်သာတဲ့ စီမံခန့်ခွဲမှုရှိတာနဲ့ ဘောလုံးလောက ရေရှည်ဖွံ့ဖြိုးဖို့ ဆိုတဲ့ မူဝါဒတွေအပေါ် အခြေခံပြီး အဖွဲ့အစည်းကို အခြေခိုင်အောင် တည်ဆောက်ခဲ့ပါတယ်။ ဒီတန်ဖိုးတွေကို အုပ်ချုပ်သူတွေက မျက်ကွယ်ပြုလိုက်ရင် ဘာဖြစ်တတ်လဲဆိုတာကို ဖီဖာနဲ့ ဘောလုံးမိသားစုရဲ့ သမိုင်းကြောင်းမှာ တွေ့ခဲ့ဖူးပြီးသားပါ" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ဒါကြောင့်လည်း ဒီနေ့မှာ CONCACAF အဖွဲ့ဝင်နိုင်ငံ ၄၁ ခုမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေ၊ ကောင်စီဝင်တွေနဲ့ ဖီဖာကောင်စီဝင်တွေ အားလုံး စုဝေးပြီး 'FIFA Forward Enterprise' လို့အမည်ရတဲ့ ကမ္ဘာ့ဖလားရဲ့အကျိုးအမြတ်တွေကို ပုဂ္ဂလိကဆီ ရောင်းချမယ့် ဖီဖာဥက္ကဋ္ဌရဲ့အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

"ဒီဆွေးနွေးပွဲမှာ အဖွဲ့ဝင်တွေက စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ မမှန်ကန်တာ၊ အတင်းအကျပ် အချိန်သတ်မှတ်ထားတာတွေနဲ့ သက်ဆိုင်ရာဖီဖာစီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ စစ်ဆေးအတည်ပြုချက် မရှိတာတွေအပေါ် အကြီးအကျယ်စိုးရိမ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်"လို့ ဖော်ပြထားပါတယ်။

"ဒါ့အပြင် သမိုင်းမှာ အမြတ်အစွန်းအများဆုံးရခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဖီဖာရဲ့ စီမံကိန်းတွေအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေရဲ့ငွေကြေးတွေ ဘာကြောင့်ထပ်လိုအပ်နေရတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေက ပိုပြီးပွင့်လင်းမြင်သာဖို့နဲ့ မှန်ကန်တဲ့စီမံခန့်ခွဲမှုတွေ လိုအပ်နေတယ်ဆိုတာကို ပိုပြီးခိုင်လုံစေခဲ့ပါတယ်"လို့ ဆိုပါတယ်။

"ဒီအကြောင်းပြချက်တွေကြောင့် CONCACAF နဲ့ အဖွဲ့ဝင် ၄၁ နိုင်ငံက ဒီအဆိုပြုချက်ကို ငြင်းပယ်လိုက်ပါတယ်" လို့ အတိအလင်း ဖော်ပြထားပါတယ်။