ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကြောင့် ဖီဖာကို သပိတ်မှောက်ဖို့ ယူအီးအက်ဖ်အေအဖွဲ့ဝင်တွေ တညီတညွတ်ဆုံးဖြတ်
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)အဖွဲ့ဝင် ၅၅ နိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲကို စီမံခန့်ခွဲဖို့ ဒေါ်လာဘီလျံ ၂၀ တန် ကုမ္ပဏီခွဲတစ်ခုတည်ထောင်မယ့် ဖီဖာရဲ့အစီအစဉ်ကို ကန့်ကွက်မှုအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆန္ဒမဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။
ဖီဖာရဲ့ "FIFA Forward Enterprise" စီမံကိန်းအကြောင်းကို အစောဆုံး သတင်းထုတ်ပြန်ခဲ့တဲ့ The Times သတင်းထောက် မာတင်ဇီဂလာက ယူအီးအက်ဖ်အေရဲ့သတင်းကိုလည်း ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယူအီးအက်ဖ်အေ အဖွဲ့ဝင် ၅၅ နိုင်ငံက ကြာသပတေးနေ့မှာ အရေးပေါ်အွန်လိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ ကမ္ဘာ့ဖလားနဲ့ တခြားပွဲစဉ်တွေကို စီမံခန့်ခွဲပြီး ပြင်ပရင်းနှီးမြှုပ်နှံသူတွေဆီ ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ရောင်းချသွားမယ့် "FIFA Forward Enterprise" လို့ အမည်ပေးထားတဲ့ ဒေါ်လာ ၂၀ ဘီလျံတန် ကုမ္ပဏီတစ်ခု တည်ထောင်မယ့် ဖီဖာရဲ့ အစီအစဉ်အပေါ် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးအတွင်းမှာပဲ ယူအီးအက်ဖ်အေအဖွဲ့ဝင်တွေက အမျိုးသား၊ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ ကလပ်ကမ္ဘာ့ဖလား အပါအဝင် ဖီဖာကြီးမှူးကျင်းပမယ့် ပြိုင်ပွဲအားလုံးကို သပိတ်မှောက်ဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။