The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲကို စျေးကွက်တင်ရောင်းချသွားမယ့် ဖီဖာရဲ့စီမံကိန်းအပေါ် နယ်သာလန်ဘောလုံးအဖွဲ့ချုပ် ကန့်ကွက်

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အခွင့်အလမ်းတွေကို ရောင်းချဖို့ ကြိုးပမ်းနေတဲ့ ဖီဖာနဲ့ ဥက္ကဋ္ဌအင်ဖန်တီနိုတို့ရဲ့စီမံကိန်းကို နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။

အဆိုပြုထားတဲ့မူကြမ်းအရ ကမ္ဘာ့ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတို့ရဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို စီမံခန့်ခွဲဖို့အတွက် ဒေါ်လာ ၂၀ ဘီလျံတန်ကြေးရှိမယ့် ကုမ္ပဏီခွဲအသစ်တစ်ခု တည်ထောင်သွားမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အင်ဖန်တီနိုက အဲ့ဒီကုမ္ပဏီရဲ့အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဆီ ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ ဒီရှယ်ယာတွေကို ဝယ်ယူဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေကလည်း အသင့်စောင့်ဆိုင်းနေကြပါတယ်။ 

အခုတော့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်(KNVB)က ဒီစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဥရောပနိုင်ငံတွေနဲ့ ပူးပေါင်းလာခဲ့ပြီး "တကယ်ကို စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်" လို့ တင်စားပြောဆိုခဲ့ပါတယ်။

NU.nl သတင်းဌာနဆီပေးပို့တဲ့ ထုတ်ပြန်ချက်မှာ နယ်သာလန်အဖွဲ့ချုပ်က "အခုထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ဒါက နိုင်ငံတကာ ဘောလုံးလောကအတွက် တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုလို့ ယူဆမိပါတယ်" လို့ သတိပေးထားပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို တရားဝင်ထုတ်ပြန်လာချိန်မတိုင်ခင်အထိ ဘာဆုံးဖြတ်ချက်ကိုမှ မချမှတ်ဘူးလို့လည်း ဆိုပါတယ်။

"ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တရားဝင်အသေးစိတ်ထွက်ပေါ်လာချိန်မှသာ သေသေချာချာလေ့လာဆန်းစစ်ပြီး ဆွေးနွေးသွားပါမယ်" လို့ KNVB က ထပ်လောင်းပြောကြားခဲ့ပါတယ်။

"KNVB အတွက်တော့ ဘောလုံးအားကစားရဲ့ အကျိုးစီးပွား၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကသာ အမြဲတမ်းအဓိကထားရမယ့်မူဝါဒတွေ ဖြစ်ရပါမယ်" လို့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။