The network connection is lost.

Banner Image

ဘာလိုဂန်ရဲ့ပြစ်ဒဏ်ဆိုင်းငံ့မှုအပေါ် ဝမ်းမြောက်စရာကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုလိုက်တဲ့ ပိုချက်တီနို

ဘော့စနီးယားနဲ့ပွဲစဉ်အတွင်း အနီကတ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ဘာလိုဂန်အတွက် ဖီဖာရဲ့ပြစ်ဒဏ်ဆိုင်းငံ့ပေးမှုအပေါ် အမေရိကန်အသင်းနည်းပြပိုချက်တီနိုက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ပါတယ်။ ဖီဖာရဲ့အခုလိုဆုံးဖြတ်ချက်ပြောင်းလဲပြင်ဆင်မှုကြောင့် အမေရိကန်တိုက်စစ်မှူးက တနင်္လာနေ့၊ ဆီယက်တဲလ်မှာကစားမယ့် ဘယ်လ်ဂျီယံနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို ပြန်လည်ပါဝင်ကစားနိုင်ပါလိမ့်မယ်။

အမေရိကန်အတွက် ကမ္ဘာ့ဖလားပွဲစဉ် သုံးပွဲကစား၊ သုံးဂိုးသွင်းယူပေးထားတဲ့ ဘာလိုဂန်က ပြီးခဲ့တဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှာ VAR ကြားဖြတ်ဝင်ရောက်မှုနဲ့အတူ တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာတော့ ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက စည်းမျဉ်းအပိုဒ် ၂၇ ကို အသုံးပြုကာ ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်စောင့်ကြည့်ကာလအဖြစ် လျှော့ပေါ့ပေးလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ထိပြီးမှ ပြန်ကစားခွင့်ရရှိတယ်ဆိုတာ အခုဖြစ်စဉ်နဲ့ဆိုရင် နှစ်ကြိမ်သာ ရှိပါသေးတယ်။ ဒါက ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလ၊ ဘရာဇီးကစားသမားဂါရင်ချာနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အခုနှစ်အစောပိုင်း၊ စီရော်နယ်ဒိုရဲ့သုံးပွဲပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း အကိုးအကားအဖြစ် အသုံးပြုခဲ့ပါတယ်။

ပိုချက်တီနိုကတော ဘာလိုဂန်ရဲ့အနီကတ်ပြစ်ဒဏ်ကို လုံး၀မတရားဘူးလို့ ယုံကြည်ခဲ့ပြီး ဘော့စနီးယားနဲ့ပွဲစဉ်မှာ လက်ကျန်ကစားသမား ၁၀ ဦးတည်းနဲ့ ကစားပြီးနောက် သူ့အသင်းအတွက် လုံလောက်တဲ့ပြစ်ဒဏ် ခံစားခဲ့ရပြီးပြီလို့ ထုတ်ဖော်ခဲ့ပါတယ်။

ပိုချက်တီနိုက "ကျွန်တော့်ရဲ့တုံ့ပြန်မှုကတော့ လူတိုင်းလိုပါပဲ၊ အားကစားကို ချစ်မြတ်နိုးသလို အမှန်တရားနဲ့ သိက္ခာကိုလည်း ယုံကြည်ပါတယ်။ အခုဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဘော့စနီးယားနဲ့ပွဲစဉ်မှာ လက်ကျန်မိနစ် ၃၀ လောက်ကို ကစားသမား ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရမှုနဲ့တင် ပြစ်ဒဏ်က လုံလောက်နေပါပြီ။ အနီကတ်ပြတာ လုံးဝမတရားပါဘူး။ ကျွန်တော့်အသင်းဘက်မှ ကာကွယ်ပြောရရင် အနီကတ်က မတရားဘူးဆိုတာကို ၉၉.၉ ရာခိုင်နှုန်းလောက် သဘောတူကြပါလိမ့်မယ်" လို့ ဆိုပါတယ်။

"ဒါ ဘောလုံးလောကအတွက် အရမ်းကောင်းပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို နည်းနည်းပါးပါး ပြန်ပြင်နိုင်ဖို့ အခွင့်အရေး ရသွားစေပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်ပယ်ဖျက်ဖို့ လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်မပါဝင်ခဲ့ဘဲ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က နောက်ကွယ်မှတဆင့် အပြင်းအထန်ကြိုးစားခဲ့တယ်လို့ ပိုချက်တီနိုက ဝန်ခံပါတယ်။ "ကျွန်တော် မသိခဲ့ပါဘူး၊ ဒီနေ့ လေ့ကျင့်ခန်းဆင်းချိန်မတိုင်ခင်လေးမှ သိခဲ့တာပါ။ အဖွဲ့ချုပ်ကတော့ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ သေသေချာချာကြိုးစားခဲ့ပုံရပါတယ်။ ကျွန်တော်ကတော့ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားပါတယ်" လို့ ပြောပါတယ်။

ဘာလိုဂန်ပွဲကစားခွင့်ပြန်လည်ရရှိဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့သလို ဖီဖာဆီလည်း ဖုန်းဆက်ပြီး ဆုံးဖြတ်ချက် ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် သမ္မတကိုယ်တိုင်လည်း သူ့ရဲ့ TruthSocial မှာ ဖီဖာကို ကျေးဇူးတင်ပြီး မတော်မတရားမှုကို ပြန်ပြင်ဆင်ပေးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

လက်ရွေးစင်အသင်းအပေါ် နိုင်ငံ့သမ္မတရဲ့စိတ်ဝင်တစားရှိမှုအပေါ် ပိုချက်တီနိုက "ဒါ အားကစားရဲ့ စွမ်းအားပါပဲ၊ အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော်ကတော့ သမ္မတကိုယ်တိုင် ဒီလိုမျိုးပါဝင်ပတ်သက်ချင်တယ်ဆိုတဲ့ ယဉ်ကျေးမှုမျိုးမှ ဆင်းသက်လာတာ မဟုတ်ပေမဲ့ မအံ့ဩတော့ပါဘူး။ ဘောလုံးကို ဘာသာတရားတစ်ခုထက်ပိုပြီး တန်ဖိုးထားတဲ့ အာဂျင်တီးနားနဲ့ ဥရောပမှ ကျွန်တော် ရောက်ရှိလာတာပါ။ အခုလို အမေရိကန်မြေမှာပါ ဘောလုံးအပေါ် စိတ်ဝင်စားမှုတွေ မြန်မြန်ဆန်ဆန်တိုးတက်လာနေတယ်ဆိုတာကို မအံ့ဩမိပါဘူး။ ဒီအားကစားက မှော်ဆန်ပြီး လူတွေကိုရော၊ နိုင်ငံကိုရော စည်းလုံးစေပါတယ်။ ကျွန်တော်တို့တွေ 'Country Road' သီချင်းဆိုတဲ့အခါ လူတိုင်းက စိတ်ကူးတစ်ခုတည်းအောက် စုစည်းသွားကြပါတယ်၊ ဒါ အရမ်းကို စွမ်းအားကြီးပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လ၊ ခြေစမ်းပွဲမှာတော့ ဘယ်လ်ဂျီယံက အမေရိကန်ကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူထားပါတယ်။ ဒါပေမဲ့ ပိုချက်တီနိုကတော့ သူ့အသင်းနဲ့ပတ်သက်လို့ အရင်ထက် အများကြီးပိုတိုးတက်လာနေပြီလို့ ယုံကြည်နေပြီး အဓိကတိုက်စစ်မှူးလည်း ပါဝင်လာလို့ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် မျှော်လင့်နေပါတယ်။