The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒေါ်နယ်ထရမ့် တက်ရောက်မယ်လို့ အိမ်ဖြူတော်အတည်ပြု

စပိန်နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက်ယှဉ်ပြိုင်ကြမယ့် တနင်္ဂနွေနေ့၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်ရောက်မယ်လို့ အိမ်ဖြူတော်မှ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါက အခုကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဒေါ်နယ်ထရမ့်ကိုယ်တိုင် ဘောလုံးပွဲစဉ်လာရောက်ကြည့်ရှုခြင်း ဖြစ်ပါတယ်။

"သမ္မတကိုယ်တိုင်တက်ရောက်မှုကြောင့် အမေရိကန်သမိုင်းမှာ ကြည့်ရှုသူအများဆုံး၊ လုံခြုံမှုအရှိဆုံးနဲ့ အအောင်မြင်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပိုပြီးဂုဏ်တက်စေပါလိမ့်မယ်" လို့ ပြန်ကြားရေးအတွင်းဝန်ကာရိုလိုင်းလီဗစ်က ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီပြိုင်ပွဲကြောင့် ကမ္ဘာ့အဆင့်အားကစားပွဲကြီးတွေကို အကြီးကျယ်ဆုံးစင်မြင့်ထက်မှာ လက်ခံကျင်းပပေးနိုင်တဲ့ အမေရိကန်ရဲ့အစွမ်းကို ပြသနိုင်ပြီး ပြိုင်ပွဲကြီးအတွက်လည်း သင့်တော်မယ့် အဆုံးသတ်တစ်ခု ဖြစ်လာပါလိမ့်မယ်" လို့လည်း သူမက ဆိုပါတယ်။

သမ္မတထရမ့်က သောကြာနေ့၊ နယူးယောက်မြို့ရှိ Trump Tower မှာပြုလုပ်မယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ရဲ့ ဧည့်ခံပွဲဆီလည်း တက်ရောက်မယ်လို့ လီဗစ်က ပြောပါတယ်။

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက ပြီးခဲ့တဲ့ဇွန်လအတွင်းမှာတင် နယူးဂျာစီဗိုလ်လုပွဲအခမ်းအနားဆီ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက်ပြီး ချန်ပီယံအသင်းဆီ ဆုဖလားပေးအပ်မယ်လို့ ကြေညာထားခဲ့ဖူးပေမဲ့ အိမ်ဖြူတော်ရဲ့အတည်ပြုချက်ကိုတော့ အခုအချိန်မှသာ ထွက်ပေါ်လာခဲ့တာပါ။

အီရန်စစ်ပွဲမှာ စပိန်နိုင်ငံရဲ့အကူအညီ မရရှိဘူးဆိုပြီး လွန်ခဲ့တဲ့သီတင်းပတ်၊ နေတိုး(NATO) ထိပ်သီးအစည်းအဝေးမှာ ထရမ့်ဝေဖန်ခဲ့ဖူးလို့ အခုဗိုလ်လုပွဲမှာ ထရမ့်ကိုယ်တိုင် အာဂျင်တီးနားကို အားပေးမလား၊ စပိန်ကို အားပေးမလားဆိုတာ မသိရသေးဘူးလို့ လီဗစ်က ပြောပါတယ်။

ထရမ့်က အခုအချိန်အထိ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကိုယ်တိုင်လာရောက်ကြည့်ရှုတာမျိုး မရှိသေးပေမဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေမှာတော့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဘော့စနီးယားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း အမေရိကန်တိုက်စစ်မှူးဘာလိုဂန် အနီကတ်ပြစ်ဒဏ်ထိခဲ့မှုကို ပြန်လည်သုံးသပ်ပေးဖို့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုဆီ တောင်းဆိုခဲ့တယ်လို့ အခုလအစောပိုင်းမှာ ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဖီဖာကလည်း ဘာလိုဂန်ရဲ့တစ်ပွဲပယ်ပြစ်ဒဏ်ကို ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မတိုင်ခင် ဆိုင်းငံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာလိုဂန်ပါဝင်ကစားခဲ့တဲ့အိမ်ရှင်အမေရိကန်က ဘယ်လ်ဂျီယံကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ထရမ့်က သူ့ရဲ့သမ္မတသက်တမ်းပထမတစ်ကြိမ်မှာ ကနေဒါ၊ မက္ကဆီကိုတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့မှုကို သူ့ရဲ့အောင်မြင်မှုတစ်ခု အမြဲဂုဏ်ယူဝံ့ကြွားလေ့ ရှိပါတယ်။

တဖက်မှာလည်း အင်ဖန်တီနိုက ထရမ့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ထားပြီး ပြီးခဲ့တဲ့နှစ်၊ ဝါရှင်တန်ရှိ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲမှာလည်း ထရမ့်ဆီ အသစ်ဖန်တီးထားတဲ့ ဖီဖာငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ အီရန်ကို အမေရိကန်ရဲ့စစ်ရေးအရအရေးယူမှု မစတင်ခင် လပိုင်းအလိုမှာ အခုလိုဆုချီးမြှင့်ခဲ့တာပါ။

ထရမ့်ကို ကမ္ဘာ့ဖလားဆုချီးမြှင့်ခွင့်ပေးအပ်လိုက်မှုက ပြီးခဲ့တဲ့နှစ်၊ နယူးဂျာစီမှာပဲ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ဖြစ်ရပ်ကြောင့် ဝေဖန်မှုတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ထရမ့်က ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်ဆီ ဆုဖလားပေးအပ်ပြီးနောက် စင်မြင့်ထက်မှ ပြန်မဆင်းဘဲ ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့လို့ ဘောလုံးကမ္ဘာတစ်ခုလုံး အံ့ဩမှင်သက်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်က အဲဒီဆုဖလားရဲ့ပုံတူတစ်ခုကို သူ့ရဲ့ရုံးခန်းမှာ အမှတ်တရ သိမ်းဆည်းထားခဲ့ပါတယ်။