ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ စီးပွားရေးဆိုင်ရာပစ္စည်းတစ်ခု မဟုတ်ဘူးလို့ ဖီဖာဥက္ကဋ္ဌဟောင်းဘလတ္တာ ပြင်းပြင်းထန်ထန်ဝေဖန်
ဖီဖာဥက္ကဋ္ဌဟောင်းဆပ်ဘလတ္တာက ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် စီမံခန့်ခွဲဖို့ ဒေါ်လာ ၂၀ ဘီလျံတန် ကုမ္ပဏီခွဲတစ်ခု တည်ထောင်မယ့် ဖီဖာရဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် သူက ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ လုပ်ပိုင်ခွင့်အာဏာရှိသူအချို့သာ ပိုင်ဆိုင်တဲ့ စီးပွားရေးဆိုင်ရာအရာ၀တ္ထု မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
"ဘောလုံးအာကစားကို ဘယ်သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကမှ မပိုင်ဆိုင်ထားပါဘူး။ အများပြည်သူတွေပဲ ပိုင်ဆိုင်ထားတာပါ" လို့ ဘလတ္တာက Reuters ကို ပြောပါတယ်။
"တကယ်လို့ ဖီဖာကို အမြတ်အစွန်းပဲကြည့်တဲ့ ကုမ္ပဏီပုံစံမျိုး ပြောင်းလိုက်မယ်ဆိုရင် ဘောလုံးရဲ့ဝိညာဉ် ပျောက်ဆုံးသွားပါလိမ့်မယ်" လို့ ၂၀၁၅ ခုနှစ်အထိ ဖီဖာဥက္ကဋ္ဌအဖြစ် ၁၇ နှစ်ကြာတာဝန်ယူခဲ့တဲ့ ဘလတ္တာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားနဲ့ တခြားပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့ ကုမ္ပဏီခွဲတစ်ခုတည်ထောင်ပြီး ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာ ၂၀ ရာခိုင်နှုန်းအထိ ရောင်းချဖို့ စီစဉ်နေတယ်လို့ ဖီဖာဘက်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေ (UEFA) အပါအဝင် ဥရောပ ဘောလုံးအာဏာပိုင်တွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူတို့ကတော့ ဖီဖာကိုယ်တိုင် ဘောလုံးအားကစားကို ဈေးကွက်တင်ရောင်းချနေတယ်လို့ ဝေဖန်ကြပါတယ်။
ဘလတ္တာကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးအမြတ်ပြန်ရရှိဖို့အတွက် လုပ်ဆောင်တဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုပစ္စည်းတစ်ခု မဖြစ်သင့်ဘူးလို့ ဘလတ္တာက ဆိုပါတယ်။
"ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ လုပ်ပိုင်ခွင့်ရှိသူအရာရှိတချို့ ပိုင်ဆိုင်တဲ့ စီးပွားရေးပစ္စည်း မဟုတ်ပါဘူး။ ဒါက ကမ္ဘာ့ဘောလုံးလောကရဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုပါ။ ဖီဖာဆိုတာလည်း ကမ္ဘာ့ဖလားကို စောင့်ရှောက်ရမယ့်သူသာဖြစ်ပြီး ပိုင်ရှင် မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
အခုလိုစိတ်ကူးမျိုး ကြားသိရလို့ တကယ်အံ့ဩမိသလို ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ချိန်တွေမှာလည်း ဒီလိုစိတ်ကူးမျိုး တစ်ခါမှမစဉ်းစားခဲ့ဘူးလို့ ဘလတ္တာက ဆိုပါတယ်။
အကျိုးအမြတ်နဲ့ စျေးကွက်လွှမ်းမိုးမှုကိုပဲ ကြည့်ရတဲ့ ရင်းနှီးမြှုပ်နှံတွေရဲ့လုပ်ဆောင်ပုံနဲ့ အဖွဲ့ဝင်တွေရဲ့အကျိုးစီးပွားကိုပဲ ကြည့်ရမယ့် ဘောလုံးအဖွဲ့ချုပ်တွေရဲ့မူဝါဒအကြား လုံး၀ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဘလတ္တာက ရှင်းပြပါတယ်။
"ရာစုနှစ်တစ်ခုမက ခေတ်သစ်ဘောလုံးအားကစား ရပ်တည်နိုင်ခဲ့တယ်ဆိုတာ အများပြည်သူတွေ ပါဝင်ပတ်သက်နေလို့ပါပဲ။ အဲ့ဒီမူဝါဒကို ဘယ်တော့မှ မပြောင်းလဲသင့်ပါဘူး" လို့ ဘလတ္တာက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။