The network connection is lost.

Banner Image

ရင်းနှီးမြှုပ်နှံမှုအစီအစဉ်သစ်တွေ အတည်ဖြစ်လာဖို့ အလားအလာ အလွန်ကောင်းနေတယ်လို့ ဖီဖာအကြီးအကဲဟောင်းတစ်ဦး သုံးသပ်

ကမ္ဘာ့ဖလား အပါအဝင် အဓိကပြိုင်ပွဲကြီးတွေအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရှာဖွေမယ့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အငြင်းပွားစရာအစီအစဉ်က အမှန်တကယ် ဖြစ်ပေါ်လာနိုင်ပါတယ်။

အားလုံးအတွက် အံ့အားသင့်စရာအဖြစ် ဖီဖာက ကမ္ဘာ့ဖလားလို အဓိကပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့အတွက် စီးပွားရေးကုမ္ပဏီခွဲအသစ်တစ်ခု တည်ထောင်ဖို့ ရှိနေပြီး အဲ့ဒီကုမ္ပဏီမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာဝယ်ယူဖို့ ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။ 

ဒီဆုံးဖြတ်ချက်ကြောင့် ကန့်ကွက်မှုတွေလည်း အပြင်းအထန် ထွက်ပေါ်နေပါတယ်။ ဖီဖာဘက်က ဒီအစီအစဉ်ကို ဆက်လုပ်ဖို့ ကြိုးစားနေချိန်မှာပဲ၊ ယူအီးအက်ဖ်အေ (UEFA) အဖွဲ့ဝင် ၅၅ နိုင်ငံက ရှေ့ဆက်ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ အခုသီတင်းပတ်နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူထားပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုမှတဆင့် ရရှိလာတဲ့ ငွေတွေကို ကမ္ဘာအနှံ့ရှိ ဘောလုံးအဖွဲ့ချုပ်တွေဆီ ပြန်ခွဲဝေပေးသွားမယ်လို့ ဖီဖာက ပြောထားပေမဲ့ စိုးရိမ်သူတွေဘက်ကတော့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေရဲ့ ပြိုင်ပွဲအပေါ် လွှမ်းမိုးလာနိုင်မှုကို ထောက်ပြနေကြပါတယ်။

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကတော့ အဖွဲ့ဝင်နိုင်ငံ ၂၁၁ နိုင်ငံဆီ စာရေးသားပေးပို့ထားပြီး သူ့ရဲ့ အစီအစဉ်ကို ထောက်ခံမယ်ဆိုရင် တစ်နိုင်ငံလျှင် အမေရိကန်ဒေါ်လာ ၄၀ သန်း (ပေါင် ၃၀ သန်း) စီ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ အစောပိုင်းထောက်ပံ့ကြေး ဒေါ်လာသန်း ၂၀ (ပေါင် ၁၅ သန်း)ကို ရယူချင်တယ်ဆိုရင်တော့ စက်တင်ဘာ ၁၉ ရက်ထက် နောက်မကျဘဲ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ထောက်ခံတယ်ဆိုတာ ပြသပေးရမယ်လို့ ဆိုပါတယ်။

လတ်တလောမှာ အင်ဖန်တီနိုအပေါ် ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဟောင်း မီဂွယ်လ်မာဒူရိုကတော့ ယူအီးအက်ဖ်အေအတွက် ဒီအစီအစဉ်သစ်ကို တားမြစ်ဖို့အတွက် လုပ်နိုင်မယ့်အရာ သိပ်မရှိပါဘူးလို့ ယူဆနေပါတယ်။

မီဂွယ်လ်မာဒူရိုက " ဖီဖာရဲ့စီမံခန့်ခွဲမှုပုံစံက အပြန်အလှန်အကျိုးပြုတဲ့ စနစ်အပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံရေးဂိုဏ်းတစ်ခုလို ဖြစ်နေပါတယ်။ ဒါက ပြဿနာရဲ့အရင်းအမြစ်ပါပဲ" လို့ ဆိုပါတယ်။

"အဖွဲ့ချုပ်အတော်များများဆီ ဒေါ်လာသန်း ၂၀ ပေးမယ်လို့ ကတိပေးလိုက်ရင် သူတို့အတွက် ဒီငွေကြေးပမာဏမျိုးဆိုတာ ဘယ်တုန်းကမှ မမြင်တွေ့ဖူးတဲ့အရာမျိုး ဖြစ်နေပြန်ပါတယ်။ ဒီဘောလုံးအဖွဲ့ချုပ်တွေဆိုတာ ငွေကြေးလိုအပ်နေကြလို့ ဖီဖာရဲ့အခုအစီအစဉ်က အတည်ဖြစ်သွားဖို့အတွက် အလားအလာ အလွန်များပါတယ်" လို့ မီဂွယ်လ်မာဒူရိုက ဆက်လက်ရှင်းပြခဲ့ပါတယ်။