ဗီအဲရာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၈ သန်းအထိ အာဆင်နယ်တောင်းဆိုထားတယ်လို့ Sky ဖော်ပြ
အာဆင်နယ်ကစားသမားဖေဘီယိုဗီအဲရာကို အပြီးသတ်ခေါ်ယူဖို့ဆိုရင် ယူရို ၁၈ သန်းလောက်အထိ ဟမ်းဘတ်အသင်း ကမ်းလှမ်းရနိုင်တယ်လို့ Sky Sports က ဖော်ပြလိုက်ပါတယ်။
ဟမ်းဘတ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်နဲ့အတူ ဗီအဲရာအပြောင်းအရွှေ့အတွက် အလေးအနက်ညှိနှိုင်းနေပေမဲ့ နှစ်ဖက်တာဝန်ရှိသူတွေအကြားမှာ ကစားသမားအတွက် တန်ဖိုးသတ်မှတ်ချက် အတော်လေးကွာဟနေပါတယ်။ Sky Sports ရဲ့ အဆိုအရ မြောက်လန်ဒန်ကလပ်က ဒီကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးယူရို ၁၈ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဒီပေါ်တူဂီကစားသမားက သူ့ရဲ့စာချုပ်သက်တမ်နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာနေလို့ အပြောင်းအရွှေ့စျေးကွက်နှောင်းပိုင်းကာလမှာ အာဆင်နယ်ရဲ့အလျော့ပေးမှုတွေ ရှိလာနိုင်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကွင်းလယ်ဖန်တီးရှင်ကိုယ်တိုင်လည်း ယမန်နှစ်ဘောလုံးရာသီ၊ အငှားဖြင့်လာရောက်ကစားခဲ့တဲ့ ဟမ်းဘတ်ဆီ ပြန်လည်ပူးပေါင်းဖို့ လိုလားနေပါတယ်။
BILD ရဲ့ ယမန်နေ့ဖော်ပြချက်မှာတော့ အာဆင်နယ်က ဈေးလျှော့ပေးဖို့ အသင့်ရှိနေပေမဲ့ ဟမ်းဘတ်အတွက်တော့ ယူရို ၁၈ သန်းဆိုတာ ကြီးမားတဲ့ အတားအဆီးတစ်ခု ဖြစ်နေဆဲပဲလို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ ဟမ်းဘတ်ရဲ့ လက်ရှိကမ်းလှမ်းမှုက ယူရို ၁၀ သန်းအောက်မှာပဲ ရှိနေလို့ ဖြစ်ပါတယ်။
အကယ်၍ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာမယ်ဆိုရင် ဟမ်းဘတ်အသင်းက ၂၀၁၆ ခုနှစ်၊ ဖိလစ်ကော့စတစ်ကို ယူရို ၁၄ သန်းဖြင့် ခေါ်ယူခဲ့တဲ့ အသင်းရဲ့ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်သွားပါလိမ့်မယ်။
အခုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဟမ်းဘတ်ဘုတ်အဖွဲ့ဝင်အဲရစ်ဟူဝါက "ပြီးခဲ့တဲ့နှစ်၊ ဗီအဲရာရဲ့ကစားပုံကို ကျွန်တော်တို့ တကယ်သဘောကျခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ငွေကြေးမတန်တဆ ပေးချေသွားဖို့တော့ မရှိပါဘူး။ အာဆင်နယ်သာ သဘောတူမယ်ဆိုရင် ဗီအဲရာရောက်ရှိလာမယ့်ကိစ္စကို ဝမ်းသာအားရ စောင့်ကြိုနေပါမယ်။ တကယ်လို့ သူတို့ဘက်က ငြင်းဆန်ရင်လည်း အခြားကစားသမားတစ်ဦးကိုပဲ ရှာဖွေသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။