ချာလိုဘတ်အတွက် ကိုမိုအသင်းရဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ
ချဲလ်ဆီးအသင်းက နောက်ခံလူချာလိုဘတ်အတွက် ကိုမိုအသင်းတင်သွင်းလာတဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက အခုနွေရာသီကာလမှာ ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ ချဲလ်ဆီးမှ ထွက်ခွာဖို့ ရှိနေပြီး ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။
နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ချဲလ်ဆီးဘက်က ကိုမိုရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်လို့ အခုအပြောင်းအရွှေ့လှုပ်ရှားမှု ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတယ်လို့ သိရပါတယ်။
ကိုမိုအသင်းရဲ့ ချာလိုဘတ်အတွက် နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ဈေးနှုန်းက အပိုဆုကြေးတွေ အပါအဝင် ပေါင် ၂၅ သန်းဝန်းကျင် ဖြစ်ပါတယ်။ ဒါက ချဲလ်ဆီးအလိုရှိနေတဲ့ ပေါင် ၃၅ သန်းနဲ့နှိုင်းယှဉ်ရင် အတော်လေး ကွာဟနေပါသေးတယ်။
အခုတော့ ဖာဘရီဂတ်စ်ရဲ့အသင်းက တခြားရွေးချယ်စရာတွေကို စတင်ရှာဖွေနေပါပြီ။ ဒါပေမဲ့ ချာလိုဘတ်ကိုယ်တိုင်ကတော့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ပဲ ဆန္ဒရှိနေပါတယ်။