ဂျာမနီအသင်းကို ကူညီဖို့ အသင့်ရှိနေပြီး ဆွေးနွေးမှုတွေလည်း စတင်နေပြီလို့ အတည်ပြုလိုက်တဲ့ မတ်သီးယပ်စ်ဆမ်မာ
မတ်သီးယပ်စ်ဆမ်မာက ဂျာမနီလက်ရွေးစင်အသင်းရဲ့ဖွဲ့စည်းပုံထဲမှာ ပါဝင်ဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ အတည်ပြုလိုက်ပါတယ်။
Zeit သတင်းစာနဲ့အင်တာဗျူးမှာ ဆမ်မာက ဂျာမနီလက်ရွေးစင်အသင်းရဲ့ စီမံကိန်းတွေကို စိတ်ဝင်စားမိတယ်လို့ ပြောကြားခဲ့ပါတယ်။ ၁၉၉၆ ယူရိုချန်ပီယံဟောင်းဆမ်မာက ၂၀၁၀ ပြည့်နှစ်စောပိုင်းကာလတွေမှာ ယာဂန်ကလော့ပ်နဲ့ သိပ်ပြီး သဟဇာတ မဖြစ်ခဲ့ပါဘူး။
"ကျွန်တော်တို့ရဲ့ဘောလုံးလောကကို ကူညီဖို့ အသင့်ရှိနေတဲ့အကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ရဲ့ ဥက္ကဋ္ဌအပါအဝင် အဓိကတာဝန်ရှိသူတွေဆီ အသိပေးထားပါတယ်" လို့ ဆမ်မာက ဆိုပါတယ်။ သူက ၂၀၁၂ ခုနှစ်၊ ဘိုင်ယန်မြူးနစ်ရဲ့ အားကစားစီအီးအိုရာထူး တာဝန်မယူခင် DFB မှာ အားကစားဒါရိုက်တာနဲ့ အကယ်ဒမီမန်နေဂျာအဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီကာလတွေမှာ တာဝန်ယူခဲ့ရတဲ့ ရာထူးကြောင့်ပဲ သူနဲ့ ကလော့ပ်တို့အကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်အတွင်း ဂျာမနီနည်းပြသစ်ဖြစ်လာတော့မယ့် အသက် ၅၉ နှစ်အရွယ်ကလော့ပ်ကို ဆမ်မာက ထောက်ခံပြောဆိုခဲ့ပါတယ်။
"ဒီရာထူးအတွက် ကလော့ပ်က အသင့်တော်ဆုံးပါပဲ။ သူက ကိုယ်ကာယအားပြုပြီး အရှိန်အဟုန်မြှင့် ကစားတဲ့ပုံစံကို ဦးစားပေးပါတယ်။ ဘောလုံးရထားချိန်ရော၊ မရထားချိန်မှာပါ ကစားကွက်နဲ့ပတ်သက်လို့ ရှင်းလင်းတဲ့အမြင် ရှိပါတယ်။ သူ့မှာ ခေါင်းဆောင်မှုအရည်အချင်းနဲ့ အရှိန်အဝါလည်း ရှိပါတယ်။ နောက်ပြီး လက်ရွေးစင်အသင်းနည်းပြတစ်ဦးအဖြစ် နေ့တိုင်း လေ့ကျင့်ခန်းဆင်းပေးစရာမလိုတော့ဘဲ လူငယ်အသင်းအဆင့်ဆင့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်မှာပဲ အာရုံစိုက်ရမယ်ဆိုတာ သူ နားလည်ထားပါတယ်" လို့ ဆမ်မာက ဆိုပါတယ်။
ဆမ်မာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်မှ စောစောစီးစီးထွက်ခွာလာတဲ့ ဂျာမနီအသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။ "အသင်းရဲ့ကစားပုံမှာ ကြံ့ခိုင်မှုရော၊ စိတ်ဓာတ်ပိုင်းပါ ဘာအားသာချက်မှ မတွေ့ရပါဘူး။ တကယ်ကို အားကိုးရာမဲ့နေတဲ့ အနေအထားပါ။ ကျွန်တော်တို့အသင်းမှာ ဘယ်လိုနည်းနဲ့မဆို အနိုင်ရရမယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ဓာတ် ပျောက်ဆုံးနေပါတယ်" လို့ ပြောပါတယ်။
ဂျာမနီကစားသမားဟောင်းမာတီဆက်ကာကလည်း DFB ကို ကူညီပေးဖို့ ဆန္ဒရှိနေပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံမာတီဆက်ကာကလည်း DFB နဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာကို မကြာသေးမီရက်ပိုင်းအတွင်း အတည်ပြုထားပါတယ်။