ဖလော်ရီယန်ဝစ်ဇ်ကို ကာကွယ်ရင်း လီဗာပူးကြယ်ပွင့်ကို ဂရိနဲ့ပွဲစဉ်မှာ ဘာကြောင့်အရန်ခုံပို့ထားမလဲဆိုတာ ရှင်းပြလိုက်တဲ့ ယာဂန်ကလော့ပ်
ဂျာမနီလက်ရွေးစင်အသင်းနည်းပြယာဂန်ကလော့ပ်က လီဗာပူးအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ကို ကာကွယ်ပြောဆိုလိုက်ပါတယ်။
“ဖလော်ရီယန်ဝစ်ဇ်ရဲ့ ဘောလုံးအစွမ်းအစကိုတော့ သံသယဖြစ်စရာမလိုပါဘူး။ သူ လမ်းကြောင်းမှန်ပေါ် ရှိနေပါတယ်။ ဒါပေမဲ့ လူတွေကတော့ အရာရာတိုင်းကို မြန်မြန်ဆန်ဆန် ဖြစ်လာစေချင်ကြတာပါပဲ” လို့ ဂရိကိုရင်ဆိုင်ရမယ့် နေရှင်းလိဂ်ပွဲစဉ် မတိုင်ခင် စနေနေ့သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ပြောပါတယ်။
ကနဦးမှာ ဖလော်ရီယန်ဝစ်ဇ်ကို ကလော့ပ်က ဒုတိယလူစာရင်းမှာပဲ ထည့်သွင်းထားခဲ့ပေမဲ့ မူစီယာလာနဲ့ ကိုင်ဟားဗက်ဇ်တို့ ဒဏ်ရာရရှိသွားလို့ စီစဉ်ထားတာထက်စောပြီး လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းစေခဲ့ပါတယ်။
ဒါပေမဲ့ ဂရိနဲ့ပွဲစဉ်မှာတော့ ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်လူစာရင်းမှာ အလျင်စလိုထည့်သွင်းအသုံးပြုသွားဖို့ မရှိဘူးလို့ ကလော့ပ်က အတည်ပြုပါတယ်။
“အခုအချိန်မှာ သူ့ကို ပွဲထုတ်လိုက်မယ်ဆိုရင် အဆိုးဆုံးလုပ်ရပ် ဖြစ်သွားနိုင်ပါတယ်” လို့ ဂျာမန်လူမျိုးနည်းပြကြီးက ဆိုပါတယ်။
အဲ့ဒီအစား လီဗာပူးကွင်းလယ်လူကို လေ့ကျင့်ခန်းဆင်းချိန် လုံလောက်စွာပေးပြီးမှ အသင်းနဲ့ တဖြည်းဖြည်းအသားကျအောင် လုပ်ဆောင်ပေးသွားဖို့ ကလော့ပ်မှာ ဆန္ဒရှိနေပါတယ်။
အသက် ၅၉ နှစ်အရွယ်နည်းပြကြီးက နောင်လာမယ့်နှစ်တွေမှာ ဖလော်ရီယန်ဝစ်ဇ်ကို ဂျာမနီအသင်းရဲ့ အဓိကကစားသမား ဖြစ်လာစေဖို့ တတ်နိုင်သမျှ ကူညီပေးသွားဖို့ ဆန္ဒရှိနေပါတယ်။
“ဖလော်ရီယန်ဝစ်ဇ်ကို ကျွန်တော်တို့နဲ့အတူရှိနေချိန် စိတ်သက်သောင့်သက်သာရှိဖို့နဲ့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း အသားကျသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေချိန် သူက သူ့ရဲ့မူလအရည်အချင်းတွေကို လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လေဗာကူဆင်ကစားသမားဟောင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီအစဉ်ကို ကလော့ပ်က ပြောပြသွားပါတယ်။