The network connection is lost.

Banner Image

ပက်ဂွါဒီယိုလာနဲ့မဆွေးနွေးခင် အန်ဆယ်လော့တီကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ မာလ်ဒီနီဖွင့်ဟ

အီတလီလက်ရွေးစင်အသင်းက ပက်ဂွါဒီယိုလာနဲ့ မဆွေးနွေးခင် နည်းပြသစ်ရာထူးအတွက် အန်ဆယ်လော့တီကို ကနဦးချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်နဲ့ သုံးကြိမ်ဆက်တိုက်လွဲချော်ပြီးနောက် ဧပြီလမှာပဲ နည်းပြဂတ်တူဆို နုတ်ထွက်သွားလို့ အီတလီလက်ရွေးစင်အသင်းအတွက် အမြဲတမ်းနည်းပြနေရာ လစ်လပ်နေပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာတော့ အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဥက္ကဋ္ဌ ဂျီယိုဗန်နီမာလာဂိုက မန်စီးတီးကို ဆယ်စုနှစ်တစ်ခုကြာတာဝန်ယူပြီး အခုနွေရာသီမှာ စွန့်ခွာလာတဲ့ ပက်ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစပိန်လူမျိုးနည်းပြကို ရရှိဖို့အတွက် လစာပေးချေမှုအပိုင်းမှာ အီတာလျံဘောလုံးလောကအကြီးအကဲတွေကိုယ်တိုင် ချွင်းချက်ထားစဉ်းစားပေးသွားမယ်လို့လည်း သူက အရိပ်အမြွက်ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့နည်းစနစ်ဒါရိုက်တာမာလ်ဒီနီကတော့ လက်ရှိဘရာဇီးအသင်းနည်းပြဖြစ်တဲ့ အီတလီလက်ရွေးစင်ဟောင်း အန်ဆယ်လော့တီကို ကနဦးချဉ်းကပ်ခဲ့ဖူးတယ်လို့ ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။

"ပက်ဂွါဒီယိုလာနဲ့ စကားမပြောခင် အန်ဆယ်လော့တီနဲ့ အရင်စကားပြောခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မဖုံးကွယ်ထားပါဘူး" လို့ မာလ်ဒီနီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "တကယ်တော့ ကမ္ဘာ့အကောင်းဆုံးလို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့သူတွေနဲ့ပဲ အရင်စတင်လိုက်တယ်ဆိုတာ မှန်ကန်တယ်လို့ ယူဆပါတယ်" လို့ သူက ဆိုပါတယ်။

ပက်ဂွါဒီယိုလာက အင်္ဂလန်မှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ချိန်အတွင်း မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ အက်ဖ်အေဖလား သုံးကြိမ်၊ လိဂ်ဖလား ငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။

လစ်လပ်နေတဲ့ လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် အီတလီနည်းပြဟောင်းတွေဖြစ်တဲ့ ကွန်တီနဲ့ မန်စီနီတို့အပြင် ပီယာလိုလည်း ရေပန်းစားနေပါတယ်။