ဂျာမနီနည်းပြသစ်ဖြစ်လာချိန် လီဗာပူးမှာလက်တွဲခဲ့သူနှစ်ဦးကို ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ ယာဂန်ကလော့ပ်
ဂျာမနီအသင်းနည်းပြအဖြစ် မကြာခင်တာဝန်ယူတော့မယ့် ယာဂန်ကလော့ပ်က သူနဲ့အတူ လီဗာပူးမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်းနှစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဒါက ၂၀၂၄ ခုနှစ်၊ လီဗာပူးမှ ထွက်ခွာပြီးနောက်ပိုင်း ကလော့ပ်အတွက် ပထမဆုံးအကြိမ် နည်းပြခုံတန်းဆီ ပြန်လည်ရောက်ရှိလာမှု ဖြစ်ပါတယ်။ သူက အန်ဖီးလ်မှာ ကိုးနှစ်နီးပါးကြာ ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။
ကလော့ပ်က ယမန်နှစ်အစောပိုင်းကတည်းက Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိထားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း အသင်းတစ်ခုကို တိုက်ရိုက်ကိုင်တွယ်ရတဲ့ အလုပ်အပေါ် လွမ်းဆွတ်နေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အန်းစလော့ထွက်ခွာချိန် လီဗာပူးဆီ ပြန်မလား၊ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူမလားဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကလော့ပ်က အမိနိုင်ငံကိုယ်စားပြုတဲ့ ဂျာမနီအသင်းကိုပဲ တာဝန်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။
ဂျာမနီအသင်းက ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို အနိုင်ယူပြီးနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေရဲ့ရှုံးထွက်အဆင့်မှာ နိုင်ပွဲမရရှိခဲ့ပါဘူး။ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူတို့က ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ စိတ်ပျက်ဖွယ် ထွက်ခွာလာရပါတယ်။
လာမယ့်သောကြာနေ့မှာ တရားဝင်ရာထူးရယူတော့မယ့် ကလော့ပ်က လီဗာပူးမှာ ကာလရှည်လက်တွဲခဲ့ဖူးတဲ့ ပက်လင်ဒါစ်နဲ့ ပီတာခရာဝီးဇ်တို့ကို ဂျာမနီအသင်းနည်းပြအဖွဲ့ဆီ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဒါ့အပြင် ဒေါ့မွန်နဲ့ ဂျာမနီကစားသမားဟောင်း ဆဗန်ဘန်ဒါလည်း နည်းပြအဖွဲ့မှာ ပါဝင်လာနိုင်တယ်လို့ Bild သတင်းဌာနက ဖော်ပြထားပါတယ်။ ဘန်ဒါက ကလော့ပ်လက်အောက် ၂၀၁၁ ခုနှစ် ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့ ၂၀၂၂ ခုနှစ် ပြည်တွင်းဖလားနှစ်လုံးအောင်ပွဲ ရရှိခဲ့တဲ့ ဒေါ့မွန်အသင်းမှာ ပါဝင်ခဲ့ဖူးပါတယ်။
Red Bull အကြီးအကဲအိုလီဗာမင့်ဇ်လက်ဖ်ကလည်း ကလော့ပ်ကို စာချုပ်သက်တမ်းမကုန်ခင် ထွက်ခွာဖို့ ခွင့်ပြုထားပြီလို့ သိရပါတယ်။ ဒါကြောင့် ဂျာမနီပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ ကြေညာချက်ကို အခုသီတင်းပတ်အတွင်း မြင်တွေ့ရနိုင်ပါတယ်။