The network connection is lost.

Banner Image

ဂျာမနီနည်းပြရာထူးအတွက် ကလော့ပ်ရေပန်းစားနေချိန် စိုးရိမ်မှုတချို့ရှိနေတဲ့ ဘိုင်ယန်မြူးနစ်ဂန္တဝင်ဖိလစ်လမ်း

ဂျူလီယန်နာဂယ်စ်မန်းနုတ်ထွက်သွားပြီးနောက် ယာဂန်ကလော့ပ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဖိလစ်လမ်းကလည်း လီဗာပူးလ်နည်းပြဟောင်းကလော့ပ်ကို သင့်တော်သူလို့ ယူဆပေမဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)ကိုယ်တိုင် အသက် ၅၉ နှစ်အရွယ်နည်းပြကြီးတစ်ဦးတည်းအပေါ် မျှော်လင့်ချက်အားလုံး ပုံအောမထားဖို့ သတိပေးလိုက်ပါတယ်။
 
ဂျာမနီအသင်းက ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို အရေးနိမ့်ပြီး စိတ်ပျက်ဖွယ်ထွက်ခွာလာရပြီးနောက် နည်းပြနာဂယ်စ်မန်းလည်း ရာထူးမှနုတ်ထွက်သွားလို့ DFB က အနာဂတ်အတွက် အသည်းအသန်ပြင်ဆင်နေရပါတယ်။ ဒီအချိန်မှာပဲ ယာဂန်ကလော့ပ်ကို အသင်းတော်ဆုံးသူအဖြစ် အားလုံးက သတ်မှတ်ထားကြပါတယ်။
 
ဒါပေမဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်ဖိလစ်လမ်းကတော့ ဒီအချက်ကို သတိထားဖို့ တိုက်တွန်းထားပါတယ်။ kicker မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့တဲ့ သူ့ရဲ့ဆောင်းပါးမှာ နည်းပြသစ်ခန့်မယ့်ကိစ္စကို အလျင်စလို မဆုံးဖြတ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။
 
"ယာဂန်ကလော့ပ်က အသင့်တော်ဆုံး အဖြေဖြစ်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော့်အတွက် ပိုအရေးကြီးတာက 'ဘာကြောင့် ပြိုင်ပွဲတွေမှာ ဒီလောက်တောင် ရှုံးနေရတာလဲ? ပြဿနာက ဘာလဲ?' ဆိုတဲ့ မေးခွန်းတွေကို အရင်ဆုံး ဆန်းစစ်ဖို့ပါပဲ" လို့ ဖိလစ်လမ်းက ဆိုပါတယ်။
 
သူ့ရဲ့အမြင်အရတော့ နာဂယ်စ်မန်းနဲ့ သူ့ရဲ့နည်းပြအဖွဲ့ကြောင့် အခုလိုအခြေအနေမျိုး ကြုံတွေ့နေရတာမျိုး မဟုတ်ဘဲ တည်ဆောက်ပုံဆိုင်ရာပြဿနာတွေကိုပါ အသေအချာရှာဖွေသွားဖို့ လိုအပ်တယ်လို့ ယူဆထားပါတယ်။
 
"လက်ရွေးစင်အသင်းက ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်လို့ ရှေ့ဆက် ဘာလုပ်မယ်ဆိုတာကို ပြည်သူတွေကို ရှင်းပြဖို့ လိုပါတယ်။ ပြီးရင် ဘယ်သူက ဒီအလုပ်နဲ့ အသင့်တော်ဆုံးလဲဆိုတာ ဆုံးဖြတ်သွားရပါမယ်။ ဒီလိုဆန်းစစ်မှုမျိုးကို သုံးရက်လောက်နဲ့ လုပ်လို့မရပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်လေးခုကိုပဲ ကြည့်လို့မရပါဘူး" လို့ ဘိုင်ယန်အသင်းခေါင်းဆောင်ဟောင်းက အလေးပေးပြောကြားခဲ့ပါတယ်။
 
အခုလို သတိပေးစကားတွေ ပြောခဲ့ပေမဲ့ ဖိလစ်လမ်းက ကလော့ပ်ကို အတော်လေး အထင်ကြီးနေပြီး ဒေါ့မွန်နဲ့လီဗာပူးနည်းပြဟောင်းကိုယ်တိုင် လက်ရွေးစင်အသင်းကို အားသစ်လောင်းပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။
 
"ကလော့ပ်က နေရာတိုင်းမှာ မျှော်လင့်ချက်တွေ ဖန်တီးပေးနိုင်ခဲ့သူပါ။ သူ့ရဲ့အသင်းတွေက စည်းလုံးတယ်၊ ပရိသတ်တွေလည်း စိတ်လှုပ်ရှားစွာနဲ့ အားပေးကြပါတယ်။ ဒါပေမဲ့ နည်းပြတစ်ဦးတည်း ပြောင်းလိုက်ရုံနဲ့ မရပါဘူး။ ဘောလုံးအပေါ် ကျွန်တော်တို့ ချဉ်းကပ်ပုံတစ်ခုလုံးကို ပြောင်းလဲဖို့ လိုအပ်ပါတယ်၊ အဲဒါက ပိုအရေးကြီးပါတယ်" လို့ ဖိလစ်လမ်းက ရှင်းပြပါတယ်။
 
ဒါပေမဲ့လည်း ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် ကလော့ပ်တာဝန်ယူဖို့အတွက် သူနဲ့ Red Bull အကြား သဘောတူစာချုပ်က အတားအဆီး ဖြစ်နေပါတယ်။ သူက Red Bull ရဲ့ ဘောလုံးအကြီးအကဲအဖြစ် ၂၀၂၉ အထိ စာချုပ်သက်တမ်းရှိနေလို့ နည်းပြတစ်ဦးအတွက် ပြောင်းရွှေ့ကြေးကို ဂျာမနီဘောလုံးအဖွဲ့ချုပ်က ပထမဆုံးအကြိမ်ပေးချေရဖို့ နီးစပ်နေပါတယ်။
 
တစ်ဖက်မှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်မှာ ရူဒီဗောင်လာဆက်ရှိနေမယ့်အလားအလာအပေါ် ဖိလစ်လမ်း သဘောကျနေပါတယ်။ ယူရို-၂၀၂၈ ပြိုင်ပွဲအထိ အားကစားဒါရိုက်တာအဖြစ် ဗောင်လာဆက်ရှိနေလိမ့်မယ်ဆိုတဲ့ အတည်ပြုချက်လည်း ထွက်ပေါ်လာခဲ့ပြီးပါပြီ။
 
"စိတ်ကူးကောင်းပါပဲ။ နေရာတိုင်းကို ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ အဓိကကတော့ နည်းပြနဲ့ ဗောင်လာအကြား ဘယ်လောက်အထိ တွဲဖက်လုပ်ကိုင်နိုင်မလဲဆိုတာပါပဲ။ နည်းပြတစ်ဦးမှာလည်း အကြံဉာဏ်တွေ ဆွေးနွေးနိုင်မယ့်သူ၊ အမြင်ချင်းဖလှယ်နိုင်မယ့်သူ ရှိနေဖို့ လိုအပ်ပါတယ်" လို့ ဖိလစ်လမ်းက ဆိုပါတယ်။