The network connection is lost.
ဆိုဘိုဆလိုင်းက လီဗာပူးအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ရေရှည်စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းမှ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် ဟန်ဂေရီကွင်းလယ်ဖန်တီးရှင်က လီဗာပူးအသင်းရဲ့အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားက စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့လို့ သူ့ကို စာချုပ်သစ်ပေးဖို့ဆိုတာ လီဗာပူးအတွက် ဦးစားပေးကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။
အခုလို ကာလရှည်စာချုပ် ချုပ်ဆိုပြီးနောက် ဆိုဘိုဆလိုင်းက နည်းပြသစ်အီရာအိုလာ လက်အောက် အောင်မြင်မှုတွေ ထပ်ရဖို့ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ကလပ်အသင်းဝက်ဘ်ဆိုဒ်မှတဆင့် အခုလို ပြောပြခဲ့ပါတယ်။
"ရှေ့မှာ အောင်မြင်မှုတွေ အများကြီးထပ်လာပါဦးမယ်။ ကျွန်တော်ကတော့ အခုရနေတာတွေနဲ့ ဘယ်တော့မှ အားမရတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပေမဲ့ အခုထက် ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် အခု ဒီနေရာကို ရောက်နေတာပါ။ ငယ်ငယ်ကတည်းက ဘာပဲလုပ်လုပ် 'ဒီလောက်ဆို ရပြီ' လို့ မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုးဆော်ခဲ့ပါတယ်။ အခုလည်း အဲဒီအတိုင်းပါပဲ" လို့ သူက ဆိုပါတယ်။
"ကျွန်တော်ကတော့ တတ်နိုင်သလောက် လူတိုင်းအတွက် စံပြဖြစ်စေမယ့်သူတစ်ဦး ဖြစ်ချင်ပါတယ်။ ကနဦးစာချုပ်ချုပ်ချိန်မှာလည်း ဆုဖလားအားလုံးရချင်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ အဲဒီဆန္ဒက တစ်စက်ကလေးမှ မပြောင်းလဲသေးပါဘူး။ ဒီနိုင်ငံမှာ ရနိုင်တဲ့ ဖလားအားလုံးအပြင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူချင်ပါတယ်။ ဒါတွေအတွက် ကျွန်တော် အသင့်ပါပဲ" လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဟန်ဂေရီအသင်းခေါင်းဆောင်ဆိုဘိုဆလိုင်းက ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် လီဗာပူးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ နည်းပြဟောင်းအန်းစလော့ လက်အောက် ဖလားလက်မဲ့အခြေအနေမှတဆင့် အခုတစ်ကြိမ်မှာတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေ ပြန်လည်ရယူဖို့ ဆိုဘိုဆလိုင်း မျှော်လင့်နေပါတယ်။