The network connection is lost.

Banner Image

အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းကို ခံစစ်ကစားစေခဲ့တဲ့ တူချယ်ရဲ့လုပ်ရပ်အပေါ် ထူးဆန်းတယ်လို့ ထရမ့်ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နည်းပြသောမတ်စ်တူချယ်လက်အောက် အင်္ဂလန်အသင်းရဲ့အားနည်းလှတဲ့ နည်းဗျူဟာပိုင်းတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တူချယ်က အာဂျင်တီးနားနဲ့ပွဲစဉ်အတွင်း ဂေါ်ဒွန်ရဲ့ အဖွင့်ဂိုးရရှိပြီးနောက် ပွဲချိန်ကုန်ဆုံးခါနီးမှာ ခံစစ်ငါးယောက်တန်းပုံစံ ပြောင်းလဲ့ခဲ့သလို ခံစစ်အားပြုတဲ့လူစားလဲလှယ်မှု အများအပြား ပြုလုပ်ခဲ့ပါတယ်။ 

အခုလိုမျိုး ခံစစ်ကို အလွန်အမင်းအားပြုခဲ့လို့ အာဂျင်တီးနားရဲ့တရစပ်ဖိအားပေးမှုနဲ့ရင်ဆိုင်ရပြီး နောက်ဆုံးငါးမိနစ်နဲ့ နာကျင်အချိန်ပိုအတွင်း နှစ်ဂိုးပြန်ပေးလိုက်ရကာ စပိန်နဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေဗိုလ်လုပွဲကို လွဲချော်သွားခဲ့ပါတယ်။

တူချယ်ရဲ့ဆုံးဖြတ်ချက်အမှားတွေအပေါ် ဝေဖန်မှုတွေအမြောက်အများ ထွက်ပေါ်နေချိန် သမ္မတထရမ့်ပါ အင်္ဂလန်ရဲ့ခံစစ်ပိတ်ကစားပုံကို လှောင်ပြောင်ပြောဆိုလာပါတယ်။

"အင်္ဂလန်မှာ ကျွန်တော်နဲ့အတူ ဂေါက်ရိုက်ဖူးတဲ့ တကယ့်ကိုထက်မြက်တဲ့ကစားသမားတစ်ဦး ရှိပါတယ်။ ဟယ်ရီကိန်းပေါ့၊ သူက တကယ့်ကိုထူးချွန်ထက်မြက်တဲ့သူပါ" လို့ ထရမ့်က ဆိုပါတယ်။

"သူ့ကို ခံစစ်မှူးအဖြစ် ပြောင်းလဲလိုက်တယ်ဆိုတာတော့ သူတို့ မှားသွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ဘောလုံးအကြောင်း ဘာသိမှာလဲနော့? သူတို့က ဂိုးစရပြီး ဦးဆောင်နေပြီ၊ ဒါပေမဲ့ သူတို့ရဲ့အကောင်းဆုံးကစားသမားကို ခံစစ်မှာ သွားထားလိုက်တယ်။ ကျွန်တော်တို့က တိုက်စစ်ကို နည်းနည်းပိုအားပြုရမှာပေါ့၊ ဟုတ်တယ်မလား။ ဒါပေမဲ့ ကျွန်တော် ဒါကို အပြစ်ပြောမှာတော့ မဟုတ်ပါဘူး၊ ဘောလုံးနည်းပြတွေအကြောင်း ကျွန်တော် ဘာသိမှာလဲ? ဒါပေမဲ့ အဲဒါက နည်းနည်းတော့ ထူးဆန်းနေသလိုပါပဲ" လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အခုလို ထရမ့်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ နည်းပြတူချယ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ခင်ဗျားတို့က ဒီကိစ္စအတွက် ဒေါ်နယ်ထရမ့်ကို သက်သေအဖြစ် သုံးနေတာလား? ကျွန်တော် သိချင်လို့ မေးတာပါ" လို့ တူချယ်က ခနဲ့တဲ့တဲ့ ပြန်ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူက "နောက်ဆုံးနာရီဝက်မှာ ကျွန်တော်တို့ဘက်က အရမ်းကို အားနည်းသွားခဲ့ပါတယ်။ ဘောလုံးကိုလည်း မထိန်းနိုင်တော့သလို ဘောလုံးလည်း ယှဉ်မလုနိုင်တော့ပါဘူး။ ဒါက ကျွန်တော်တို့ ရှေ့ဆက်ပြုပြင်သွားရမယ့် အချက်ပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။

အင်္ဂလန်အသင်းက ဒီည၊ မီယာမီမှာ ပြင်သစ်နဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲ ကစားရဖို့ ရှိနေပြီး တူချယ်အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အခွင့်အရေးရှိနေပါတယ်။