ဒီနှစ်ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားလို့ပြောဖို့ စောသေးတယ်လို့ဆိုလာတဲ့ ဟယ်ရီကိန်း
အာဂျင်တီးနားကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ၂၀၂၆ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ဖြစ်လာမလားဆိုတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရီကိန်းဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂျုဒ်ဘယ်လင်ဂမ်နဲ့အတူ အင်္ဂလန်အသင်းရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်ကာ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတာပါ။
ဒါပေမဲ့ အာဂျင်တီးနားနဲ့ပွဲမှာတော့ ဟာရီကိန်းဟာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာအတွင်းမှာ ဘောလုံးတစ်ချက်တောင် ထိခွင့်မရခဲ့ပါဘူး။
အင်္ဂလန်အသင်းဟာ ပွဲချိန် ၅၅ မိနစ်မှာ အန်သိုနီဂေါ်ဒွန်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ နည်းပြ သောမတ်စ်တူချယ်ရဲ့ နားမလည်နိုင်စရာ ဆုံးဖြတ်ချက်တွေကြောင့် လီယွန်နယ်မက်ဆီတို့အသင်းကို ပွဲကို ပြန်လည်ထိန်းချုပ်ခွင့် ပေးလိုက်ရပါတယ်။
ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ဟာရီကိန်းက ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားလားဆိုတာနဲ့ ပတ်သက်ပြီး မသေချာဘူးလို့ ပြောပါတယ်။
"ဒါကို ပြောဖို့ကတော့ စောလွန်းပါသေးတယ်။ ကျွန်တော်ကတော့ နှစ်အလိုက်ပဲ စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားရလဲဆိုတာ ကြည့်သွားမှာပါ။ အင်္ဂလန်အသင်းအတွက် ကစားပေးရတာကို ကျွန်တော် မြတ်နိုးပါတယ်" လို့ သူက ဆိုပါတယ်။
"ဒါပေမဲ့ ၄ နှစ်ဆိုတဲ့ အချိန်ကတော့ အတော်လေး ကြာပါတယ်။ တစ်ဖက်မှာလည်း မက်ဆီလို ကစားသမားမျိုးက အသက်ကြီးတဲ့အထိ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်နေတာကို တွေ့နိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း သေချာမသိသေးပါဘူး" လို့ ဟာရီကိန်းက ဆက်ပြောခဲ့ပါတယ်။