The network connection is lost.

Banner Image

စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အတွက် ပြင်သစ်အသင်း အဆင်သင့်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ကိုနာတေး

အင်္ဂါနေ့၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြိုင်ဘက်စပိန်အသင်းကို ထိတ်လန့်ကြောက်ရွံ့နေစရာ မရှိဘူးလို့ ပြင်သစ်နောက်ခံလူကိုနာတေးက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့အရည်အသွေးနဲ့ အမှားအယွင်းမရှိသလောက်ဖြစ်နေတဲ့ ခံစစ်ပိုင်းကိုတော့ သတိထားနေတယ်လို့ ကိုနာတေးက ဆိုပါတယ်။

စပိန်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်မြောက်ရယူဖို့ ကြိုးပမ်းနေတဲ့ ခရီးလမ်းတလျှောက် ဆီမီးဖိုင်နယ်ရောက်ရှိလာချိန်အထိ ပေးဂိုးတစ်ဂိုးတည်းသာ ခွင့်ပြုထားရပါတယ်။

၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့လေးနှစ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်နဲ့ ယမန်နှစ်နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်တွေမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ပြင်သစ်ဗဟိုနောက်ခံလူကိုနာတေးက "ဘယ်သူ့ကိုမှ ကြောက်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်သွားပြီး နောက်ဆုံးမှာ ရလဒ်က ကျွန်တော်တို့ဘက်မှာ ရှိနေဖို့ မျှော်လင့်ပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"စပိန်က တကယ့်ကိုထူးခြားတဲ့ အသင်းတစ်ခုပါ။ တစ်ဦးချင်းအရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးရှိသလို ယာမယ်လ်လို ထူးချွန်တဲ့ကစားသမားလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ သူတစ်ဦးတည်းကိုပဲ အာရုံစိုက်ယှဉ်ပြိုင်ကစားသွားဖို့တော့ မရှိပါဘူး" လို့ ကိုနာတေးက ဆိုပါတယ်။

ပြင်သစ်အသင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်ဆီ ငါးကြိမ်မြောက်တက်လှမ်းနိုင်ဖို့ မျှော်လင့်နေပြီး အသင်းရဲ့ဗဟိုခံစစ်ပိုင်းမှာ အူပါမီကာနိုနဲ့ ဆာလီဘာတို့ တာဝန်ယူထားပါတယ်။

ပြင်သစ်က နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားခုနစ်ကြိမ်အနက် လေးကြိမ်တိတိ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ တကယ်လို့ ဇူလိုင် ၁၉ ရက်၊ နယူးယောက်မှာကစားသွားမယ့် ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်မယ်ဆိုရင် ၁၉၇၄ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အကြား ဗိုလ်လုပွဲလေးကြိမ်တက်ရောက်နိုင်ခဲ့တဲ့ အနောက်ဂျာမနီအသင်းနဲ့ ပြင်သစ်အသင်းကို အငြင်းပွားဖွယ်ရာမရှိ နှိုင်းယှဉ်လာနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ကိုနာတေးကတော့ ဖြစ်လာနိုင်ခြေတွေကို ကြိုတင်တွေးတောပြီး အချိန်မဖြုန်းဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့ မာန်မာနမထောင်လွှားဘဲ နှိမ့်ချစွာနဲ့ ပြုမူနေထိုင်သွားပါမယ်။ အဲ့ဒီလို မာန်မာနထောင်လွှားတဲ့ထောင်ချောက်ဆီ အကျမခံနိုင်ပါဘူး" လို့ သူက ပြောပါတယ်။

လတ်တလောမှာ ပြင်သစ်က အခုကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ခံစစ်အကောင်းဆုံးအသင်းကို ကျော်ဖြတ်နိုင်ရေး နည်းလမ်းရှာဖို့ လိုအပ်နေသလို တောင်ပံလမ်းကြောင်းမှတဆင့် ထိုးဖောက်လာမယ့် ယာမယ်လ်ကိုလည်း အတက်နိုင်ဆုံးဟန့်တားသွားရပါတော့မယ်။