အခုနွေရာသီမှာပဲ လီဗာပူးအသင်းမှထွက်ခွာမယ့် စီအီးအိုမိုက်ကယ်အက်ဒ်ဝပ်
လီဗာပူးအသင်းရဲ့ဘောလုံးဆိုင်ရာစီအီးအိုမိုက်ကယ်အက်ဒ်ဝပ်က အခုနွေရာသီမှာ အသင်းမှ ထွက်ခွာသွားပါတော့မယ်။
အသက် ၄၇ နှစ်အရွယ်အက်ဒ်ဝပ်က လီဗာပူးအသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးတွေ မစတင်ခင် အန်ဖီးလ်မှ ချက်ချင်းဆိုသလို ထွက်ခွာသွားတော့မယ်လို့ Sky Sports မှ ဖော်ပြထားပါတယ်။
အက်ဒ်ဝပ်က ၂၀၂၄ ခုနှစ်မှာ လီဗာပူးဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး အခုဆိုရင် အသင်းမှာ ဒုတိယအကြိမ်မြောက်တာဝန်ယူမှုကို အဆုံးသတ်လိုက်ပါပြီ။
အသင်းပိုင်ရှင် Fenway Sports Group (FSG)ရဲ့ထုတ်ပြန်ချက်တစ်ခုမှာ "ကမ္ဘာလုံးဆိုင်ရာ အားကစား၊ စျေးကွက်ရှာဖွေရေး၊ မီဒီယာ၊ ဖျော်ဖြေရေးနဲ့ အိမ်ခြံမြေလုပ်ငန်းစုဖြစ်တဲ့ FSG က လီဗာပူးအသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမစတင်ခင် ဘောလုံးဆိုင်ရာစီအီးအိုရာထူးမှ မိုက်ကယ်အက်ဒ်ဝပ် ထွက်ခွာတော့မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ ဒါက သူ့ရဲ့ဒုတိယအကြိမ်တာဝန်ယူမှုကို အဆုံးသတ်ခြင်းဖြစ်ပြီး သူတာဝန်ယူချိန်ကာလအတွင်း လီဗာပူးရဲ့ဘောလုံးလုပ်ငန်းစဉ်တွေကို ကြီးကြပ်ပေးခဲ့သလို FSG ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ဘောလုံးဆိုင်ရာ ရည်မှန်းချက်တွေ တိုးတက်လာဖို့ကိုလည်း ကူညီပေးခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။