The network connection is lost.

Banner Image

လီဗာပူးဆီပြောင်းရွှေ့လာဖို့ အီရာအိုလာကိုယ်တိုင် ဘယ်လိုစည်းရုံးခဲ့သလဲဆိုတာ ဖွင့်ဟလာတဲ့ ဗစ်တာမူနော့ဇ်

လီဗာပူးကစားသမားသစ်ဗစ်တာမူနော့ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြခွင့်ရရှိဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ပြိုင်ပွဲမတိုင်ခင် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် မူနော့ဇ်အတွက် အခက်ကြုံခဲ့သလို ဇွန်လအတွင်း အိုဆာဆူနာမှ လီဗာပူးဆီ ပြောင်းရွှေ့မှုကြောင့်လည်း ကမ္ဘာ့ဖလားအတွက်ပြင်ဆင်နေချိန် ကစားသမားကို စိတ်ဖိစီးစေခဲ့တယ်လို့ စပိန်နည်းပြဒီလာဖွန်တေက အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားက ဆားဘီးယားနဲ့ ခြေစမ်းပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးပွဲထွက်ခွင့်ရရှိသလို ဂိုးလည်းသွင်းယူနိုင်ခဲ့ပေမဲ့ မြောက်အမေရိကမှာကစားခဲ့တဲ့ စပိန်အသင်းရဲ့ပွဲစဉ်ငါးခုလုံးကိုတော့ အရန်လူအဖြစ်သာ ဖြတ်သန်းခဲ့ရပါတယ်။ နည်းပြဒီလာဖွန်တေကတော့ တိုက်စစ်ဘယ်ခြမ်းမှာ ဘေလ်နာကိုပဲ ဦးစားပေးအသုံးပြုနေပါတယ်။

ဒါပေမဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ အိုဆာဆူနာအတွက် ခြေစွမ်းပြခဲ့တဲ့ မူနော့ဇ်ကတော့ လီဗာပူးမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ အဓိကအချက်အဖြစ်နည်းပြသစ်အီရာအိုလာရဲ့ သူ့အပေါ်ယုံကြည်မှု ရှိနေပုံကိုလည်း သူက ထောက်ပြသွားပါတယ်။

"သူ့ရဲ့အသင်းတွေ ဘယ်လိုကစားလဲ၊ အဲဒီပုံစံက ကျွန်တော်နဲ့ ဘယ်လိုကိုက်ညီမလဲဆိုတာကို အီရာအိုလာက ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့တောင်ပံကစားသမားတွေကို ဘေးစည်းနားမှာ ကပ်ကစားစေချင်တယ်၊ နောက်တန်းအထိ ဆင်းကူစေချင်တယ်၊ ပြီးတော့ အလုပ်အများကြီး လုပ်စေချင်တယ်လို့ သူက ဆိုပါတယ်" လို့ မူနော့ဇ်က El Correo နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"သူ့ရဲ့ကစားဟန်နဲ့ ဖိအားပေးကစားပုံတွေက ကျွန်တော်နဲ့ တော်တော်လေး ကိုက်ညီပါတယ်။ ကျွန်တော့်ရဲ့အရည်အချင်းတွေက သူ့ရဲ့ စီမံချက်နဲ့အံဝင်ခွင်ကျဖြစ်နေလို့လည်း လီဗာပူးဆီပြောင်းရွှေ့ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်"

"ကျွန်တော့်ရဲ့ကစားဟန်အရ ပရီမီယံလိဂ်က အသင့်တော်ဆုံးနေရာလို့ ထင်ပါတယ်။ ဒါ ကျွန်တော့်အတွက် မှန်ကန်တဲ့ခြေလှမ်းပါပဲ" လို့ သူက ဆိုပါတယ်။

"ကျွန်တော်က အပြောင်းအလဲတွေနဲ့ အသားကျပြီးသားပါ။ အသက် ၁၇ နှစ်ကတည်းက အိမ်နဲ့ခွဲခွာနေခဲ့သူ ဖြစ်ပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ကြိုက်သလို အတွေ့အကြုံသစ်တွေ ရဖို့အတွက်လည်း မျှော်လင့်နေပါတယ်" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။