The network connection is lost.

Banner Image

အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားတွေလည်း ပရီးမီးယားလိဂ်မှာ မကစားနေပါဘူးလို့ ဆိုလိုက်တဲ့ နော်ဝေနည်းပြဆိုလ်ဘာကန်

နော်ဝေနည်းပြဆိုလ်ဘာကန်က သူ့အသင်းမှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေ ရှိနေလို့ အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသာစီးရရှိစေမယ်ဆိုတဲ့ ယူဆချက်ကို ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် သူက အင်္ဂလန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေသူတွေကိုယ်တိုင် အခြားလိဂ်တွေမှာ ကစားနေကြတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

နော်ဝေအသင်းမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းနဲ့ အာဆင်နယ်အသင်းခေါင်းဆောင်အိုဒီဂတ်တို့လို ပရီးမီးယားလိဂ်ကြယ်ပွင့်တွေ ရှိနေပေမဲ့ အင်္ဂလန်ရဲ့သွင်းဂိုးအများဆုံးကစားသမားနှစ်ဦးကတော့ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါမှာ ကစားနေတယ်လို့ ဆိုလ်ဘာကန်က ပြောပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် ထပ်မံကြိုးပမ်းနေသလို ကွင်းလယ်လူဘယ်လင်ဂမ်ကလည်း ၄ ဂိုး သွင်းယူပေးထားပါတယ်။ ဘယ်လင်ဂမ်ဟာ မက္ကဆီကိုကို ၃-၂  ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ နှစ်ဂိုးအထိ သွင်းယူခဲ့ပါတယ်။

"ဒါက ကျွန်တော်တို့အတွက် အသာရစေမလားဆိုတာတော့ မသေချာပါဘူး။ ကျွန်တော်တို့ ကစားသမားတချို့က အင်္ဂလန်ကစားသမားတွေနဲ့ မကြာခဏ ရင်ဆိုင်ဖူးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားနှစ်ဦးက ပရီးမီးယားလိဂ်မှာ ကစားနေတာ မဟုတ်ဘူးလေ။ သူတို့က စပိန်နဲ့ ဂျာမနီမှာ ကစားနေတာဆိုတော့ ဒီလိုပဲ ကြည့်ရမှာပါ" လို့ ဆိုလ်ဘာကန်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆိုလ်ဘာကန်က ရှုံးထွက်ပွဲစဉ်မှာ ဘရာဇီးလ်ကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့မှုကြောင့် အသင်းအတွက် ယုံကြည်မှုတိုးပွားစေပေမဲ့ အရမ်းကြီးအောက်ခြေမလွတ်နေဖို့ သတိပေးခဲ့ပါတယ်။

"ဒီနိုင်ပွဲကြောင့် ယုံကြည်မှုပိုရစေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပွဲတိုင်းက သူ့ဟာနဲ့သူ အပြောင်းအလဲ ရှိပါတယ်။ အခုထိ ဒီကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ကို ဘယ်အသင်းကမှ လျှော့တွက်ခဲ့ကြတာ မရှိပါဘူး။ အသင်းတိုင်းက ပြိုင်ဘက်ကို အသေအချာ လေ့လာဆန်းစစ်မှုတွေ လုပ်ကြလို့ ဘောလုံးလောကမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ အင်္ဂလန်နဲ့ပွဲမှာလည်း ဒီအတိုင်းပါပဲ" လို့ သူက ပြောပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ နည်းပြဆိုလ်ဘာကန်က ရာသီဥတုအခြေအနေကြောင့် ကစားသမားအချို့ နေမကောင်းဘူးလို့ ပြောခဲ့ဖူးပေမဲ့ အခုတော့ ပြိုင်ပွဲမှာပါဝင်ဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ပြန်ရှင်းပြခဲ့ပါတယ်။

"အိုဒီဂတ် နေမကောင်းဖြစ်နေတယ်ဆိုတာ တကယ်တော့ သူ့ဦးလေး သောမတ်စ်အိုဒီဂတ်ကို ပြောတာပါ။ သူ့ဦးလေးက အသင်းရဲ့ကာယကုထုံးပညာရှင်တစ်ဦးဖြစ်ပြီး သူပဲ နေမကောင်းဖြစ်တာပါ။ မာတင်အိုဒီဂတ် မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူက "ဒါကြောင့် အခုတော့ အားလုံးအဆင်ပြေနေပါပြီ၊ ကစားသမားတိုင်းလည်း ကျန်းမာနေပါတယ်။ ကစားသမားတွေထဲမှာ နေမကောင်းတဲ့သူ မရှိပါဘူး။ အသင်းဝန်ထမ်းတွေထဲမှာပဲ တစ်ဦး၊ နှစ်ဦးလောက် နေမကောင်းဖြစ်နေတာပါ" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။