ဘာလိုဂန်ရဲ့အနီကတ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့တဲ့ ဖီဖာရဲ့လုပ်ရပ်ကို အမှားကြီးတစ်ခုလို့ နော်ဝေနည်းပြဝေဖန်
အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့တဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက်ကို ကြီးမားတဲ့အမှားအယွင်းတစ်ခု ဖြစ်တယ်လို့ နော်ဝေနည်းပြဆိုလ်ဘာကန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဘော့စနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပြိုင်ဘက်ခံစစ်မှူးတာရစ်မူဟာရီမိုဗစ်အပေါ် ကစားပုံကြမ်တမ်းခဲ့တဲ့ ဘာလိုဂန်က အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းပြင်ပဆီ ထွက်ခွာလာခဲ့ပါတယ်။
ဒါပေမဲ့ ဖီဖာဆီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ ဖုန်းဆက်ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဘာလိုဂန်ရဲ့ပြစ်ဒဏ်ကို တစ်နှစ်စောင့်ကြည့်ကာလအဖြစ် လျှော့ပေါ့မယ်ဆိုတဲ့ ဖီဖာရဲ့ဆုံးဖြတ်ချက် ပေါ်ထွက်လာပါတယ်။ ဒါကြောင့် ဘယ်လိုဂန်က မနက်ဖြန်၊ ဘယ်လ်ဂျီယံနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိသွားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်က ကန့်ကွက်ထားသလို၊ ဘရာဇီးကို အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားနိုင်တဲ့ နော်ဝေအသင်းနည်းပြဆိုလ်ဘာကန်ကလည်း အလွန်ဆိုးရွားလွန်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အကယ်၍ အမေရိကန်သာ ဘယ်လ်ဂျီယံကို ကျော်ဖြတ်သွားနိုင်ရင် အခုလိုဆုံးဖြတ်ချက်မျိုးက အနာဂတ်အတွက် စံနမူနာဆိုး ဖြစ်သွားမယ့်ကိစ္စကိုလည်း ဆိုလ်ဘာကန် ပူပန်နေပါတယ်။
" ဖီဖာရဲ့အမှားကြီးတစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ်။ အနီကတ်ပြခံရတယ်၊ VAR ကလည်း အနီကတ်လို့ အတည်ပြုတယ်၊ ကွင်းထဲမှထွက်ရတယ်ဆိုရင် တစ်ပွဲပယ်ခံရမှာပဲလေ။ အခုကိစ္စမှာ တကယ်ကို ဆိုးတာက အမေရိကန်အတွက်ပဲ သီးသန့်အခွင့်အရေးပေးသလို ဖြစ်နေတာပါပဲ" လို့ ဆိုလ်ဘာကန်က ပြောပါတယ်။
"ဘာလိုဂန်သာ ဂိုးသွင်းမယ် ဒါမှမဟုတ် ခြေစွမ်းပြသွားမယ်ဆိုရင် ဘယ်လ်ဂျီယံအတွက် တော်တော်လေး စိတ်ဆိုးဒေါသထွက်စရာ ကောင်းလာပါလိမ့်မယ်။ နောက်ထပ်အနီကတ်တွေပြသခံရရင်ရော အခုလိုမျိုးပဲ ပြန်ဖယ်ဖျက်ဦးမှာလား။ ဒါ တကယ့်ကို ဆိုးရွားလွန်းတဲ့ ဆုံးဖြတ်ချက်ပါ။ အမေရိကန်သာ အနိုင်ရရှိသွားမယ်ဆိုရင် ဒီကိစ္စက သူတို့အတွက် အမြဲလိုလိုအမည်းစက်ဖြစ်နေနိုင်လို့ အားကစားလောကအတွက် မကောင်းလှပါဘူး" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။