အင်္ဂလန်အသင်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံး ပင်နယ်တီကန်သွင်းသူတွေ ရှိနေတယ်လို့ ဒက်ကလန်ရိုက်စ် ဆို
ဒီအာကွန်ဂိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်မတိုင်ခင်မှာ အင်္ဂလန်အသင်းမှာ နိုင်ငံသမိုင်းတစ်လျှောက် အတောင့်တင်းဆုံး ပင်နယ်တီကန်သွင်းသူတွေ ရှိနေပြီလို့ ဒက်ကလန်ရိုက်စ်က ယုံကြည်နေပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ရိုက်စ်က နည်းပြ သောမတ်စ်တူချယ်ရဲ့ လက်အောက်မှာ အကယ်၍ ပွဲစဉ်က ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားခဲ့မယ်ဆိုရင်လည်း အသင်းသားတွေဟာ အပြည့်အဝယုံကြည်မှုရှိသလို အဆင်သင့်လည်း ဖြစ်နေတယ်လို့ ပြောပါတယ်။ နည်းပြ တူချယ်ဟာ ပင်နယ်တီအထူးပြုကစားသမား အိုင်ဗန်တိုနီကို ရွေးချယ်ပြီး အသင်းကို အားဖြည့်ထားသလို ဟာရီကိန်းကလည်း အသင်းရဲ့ ပထမဦးစားပေး ပင်နယ်တီကန်သွင်းသူအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
"အခုလက်ရှိအသင်းကို ကြည့်လိုက်ရင် အင်္ဂလန်သမိုင်းမှာ အခုလောက်ကောင်းတဲ့ ပင်နယ်တီကန်သွင်းသူတွေမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ ကျွန်တော် ရိုးရိုးသားသားပဲ ပြောချင်ပါတယ်" လို့ ရိုက်စ်က ဆိုပါတယ်။
"ဟာရီ၊ အိုင်ဗန်၊ မားကပ်စ် (ရပ်ရှ်ဖို့ဒ်)၊ အန်တိုနီဂေါ်ဒွန်၊ ဆာကာ တို့ကို ကြည့်လိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကန်နိုင်သလို ဂျုဒ် (ဘယ်လင်ဂမ်) လည်း ကန်နိုင်ပါတယ်။ ဟာရီကိန်းက အကောင်းဆုံး ပင်နယ်တီကန်သွင်းသူဖြစ်လို့ သူ့ကိုတော့ ကျွန်တော် ဘာမှသွားပြောစရာ မလိုပါဘူး။ လူတိုင်းရဲ့ စိတ်ဓာတ်က ဘာမှပြောစရာမလိုအောင်ကို ပြတ်သားနေပါတယ်။ ကျွန်တော်တို့ ဂိုးသမားတွေလည်း ပြိုင်ဘက်ရဲ့ ကန်ချက်တချို့ကို ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။