ကမ္ဘာ့ဖလားမှာ ရလဒ်ဆိုးရွားခဲ့လို့ ရာထူးကနေ နှုတ်ထွက်သွားတဲ့ ချက်နည်းပြ ကိုးဘတ်ခ်
ချက်လက်ရွေးစင်အသင်းနည်းပြ မီရိုစလပ် ကိုးဘတ်ခ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ပြည်တွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီးနောက် တနင်္လာနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြကြီး ကိုးဘတ်ခ်ဟာ ကမ္ဘာ့ဖလားမှာ အသင်းရဲ့ ခြေစွမ်းပိုင်း ညံ့ဖျင်းခဲ့တာကြောင့် အခုလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကိုးဘတ်ခ်ကတော့ အသင်းကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတာဟာ "မိုက်မဲတဲ့ အမှားတွေ" ကြောင့်ဖြစ်သလို ခရီးပန်းတာတွေကြောင့်လည်း ပါဝင်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ အိမ်ရှင် မက္ကဆီကိုအသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်အပြီးမှာ ချက်အသင်းဟာ တောင်အာဖရိကနဲ့ တစ်ပွဲသရေကျပြီး ရမှတ် ၁ မှတ်တည်းနဲ့ အုပ်စု (A) ရဲ့ အောက်ဆုံးမှာ ရပ်တည်ခဲ့ရတာပါ။ "ကျွန်တော့်အပေါ် မဟုတ်မမှန်တဲ့ အချက်အလက်တွေနဲ့ လုပ်ကြံဖန်တီးပြီး မီဒီယာတွေက တိုက်ခိုက်နေတာတွေကလည်း အခုလို ဆုံးဖြတ်ချက်ချဖို့ ဖြစ်လာစေတာပါ၊ ဒီလိုအခြေအနေမျိုးမှာ ချက်လက်ရွေးစင်အသင်းအတွက် ဆက်ပြီး အလုပ်လုပ်ပေးဖို့က အဓိပ္ပာယ်မရှိတော့ပါဘူး" လို့ ကိုးဘတ်ခ်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ ကိုးဘတ်ခ်ဟာ ဖာရိုးကျွန်းစုအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ခြေစစ်ပွဲစဉ်အပြီးမှာ လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် ပလေးအော့ဖ်အဆင့်ကနေတစ်ဆင့် ပို့ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိုင်ယာလန်နဲ့ ဒိန်းမတ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ပလေးအော့ဖ်ပွဲစဉ်တွေမှာ ပါဝင်ခဲ့တဲ့ ဝုလ်ဗ်နောက်ခံလူ လာဒီစလပ် ကရိတ်ချီနဲ့ လိုင်ယွန်ကွင်းလယ်လူ ပါဗယ်ဆော့လ်တို့ အပါအဝင် အဓိကကစားသမားတွေဟာ လက်ရှိအသင်းရဲ့ အမာခံတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝါရင့်နည်းပြကြီး ကိုးဘတ်ခ်ဟာ အသင်းရဲ့ ခံစစ်အသားပေး ကစားကွက်တွေအပြင် မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ အရေးကြီးပွဲစဉ်မှာ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ကို လူစားလဲစာရင်းမှာပဲ ထည့်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ချက်အသင်းက ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။