The network connection is lost.

Banner Image

ချက်လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ကြေညာလိုက်တဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ချက်ဘောလုံးလောကဟာ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကတော့ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်က သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ချက်လက်ရွေးစင်အသင်းအတွက် ၂၆ ဂိုး သွင်းယူပေးထားတဲ့ ရှစ်ခ်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ကနေတစ်ဆင့် ကြေညာခဲ့ပြီး နိုင်ငံတွင်း ဘောလုံးလောကမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်တိုက်စစ်မှူးရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ ရုတ်တရက် ချမှတ်ခဲ့တာ မဟုတ်သလို မက္ကဆီကိုမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်စရာ ရလဒ်တွေကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ လက်ရွေးစင်အသင်းကနေ အနားယူဖို့ စဉ်းစားနေတာ အတော်အတန် ကြာပြီဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

"ဒါဟာ ခံစားချက်ပေါင်းစုံ၊ ပျော်ရွှင်မှုတွေ၊ စိတ်ပျက်စရာတွေ၊ အောင်ပွဲတွေနဲ့ ခက်ခဲတဲ့ အချိန်တွေ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခုပါ။ ကျွန်တော် လက်ရွေးစင်အသင်းအတွက် အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့သလို နိုင်ငံဂုဏ်ဆောင်နိုင်ဖို့လည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်" လို့ ချက်အသင်းအတွက် ၅၆ ပွဲအထိ ကစားပေးခဲ့တဲ့ ရှစ်ခ်က ပြောပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းမှာ သူစွမ်းဆောင်နိုင်ခဲ့တာတွေအတွက် ဂုဏ်ယူမှုတွေနဲ့အတူ အနားယူသွားမှာဖြစ်ပေမဲ့ အနာဂတ်အတွက်တော့ အလေးအနက် စိုးရိမ်ပူပန်နေပါတယ်။

"ချက်ဘောလုံးလောကဟာ မကြာသေးခင် နှစ်တွေအတွင်း ပြသခဲ့တဲ့ ခြေစွမ်းထက် အများကြီး ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ အမှန်တရားကို ရင်ဆိုင်ဖို့ လိုသလို အချိန်အတော်ကြာ အလုပ်မဖြစ်တော့တဲ့ အရာတော်တော်များများကိုလည်း ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်" လို့ ရှစ်ခ်က သူ့ရဲ့ ပိုစ်မှာ အလေးပေး ရေးသားခဲ့ပါတယ်။

သူက ဝေဖန်ထောက်ပြတာတွေကို တိုက်ခိုက်တာလို့ မမြင်စေချင်ပါဘူး။ "ကျွန်တော် ဒါကို ဒေါသထွက်လို့ ဒါမှမဟုတ် စိတ်ပျက်လို့ ပြောနေတာ မဟုတ်ပါဘူး။ ချက်ဘောလုံးလောကကို တကယ် စေတနာထားလို့ ပြောတာပါ" ဆိုပြီး နှုတ်ဆက်စကားရဲ့ အဆုံးမှာ ရှင်းပြခဲ့ပါတယ်။