ကိုဗင်ထရီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေမှာ အပေါင်းလက္ခဏာပြနေတဲ့ လမ်းပတ်
ကိုဗင်ထရီအသင်းနည်းပြဖရန့်လမ်းပတ်က အသင်းနဲ့အတူ ထူးချွန်ပြောင်မြောက်လှတဲ့ အောင်မြင်မှုတွေ ရရှိပြီးနောက် စာချုပ်သစ်ချုပ်ဆိုဖို့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
အသက် ၄၇ နှစ်အရွယ်နည်းပြဟာ ကိုဗင်ထရီအသင်းကို ချန်ပီယံရှစ်ဖလားအပြင် ပရီးမီးယားလိဂ်ဆီတန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ နာမည်ဂုဏ်သတင်းကျော်ကြားမှုနဲ့အတူ ဖူလ်ဟမ်အပါအဝင် ပြိုင်ဘက်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုလည်း ရရှိလာခဲ့ပါတယ်။
သူ့ရဲ့လက်ရှိစာချုပ်က လာမယ့်ရာသီပြီးဆုံးချိန် သက်တမ်းကုန်ဆုံးဖို့ရှိနေပေမဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုအပိုင်းမှာတော့ အခြေအနေတွေကောင်းမွန်နေပြီး ဘောလုံးရာသီသစ်မစတင်မီ သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လမ်းပတ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တန်းဆင်းဇုန်အနီးမှာ ကိုဗင်ထရီအသင်း ရုန်းကန်နေရချိန် မာ့ခ်ရိုဘင်စ်ရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး အသင်းရဲ့အခြေအနေ ပြန်ကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
လမ်းပတ်က ကိုဗင်ထရီနည်းပြဘ၀ပထမဆုံးရာသီမှာ အသင်းကို တန်းတက်ပလေးအော့ဖ်ကစားနိုင်အောင် ဦးဆောင်ပေးခဲ့သလို ဒုတိယမြောက်ရာသီမှာတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်၊ ပရီးမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီလိုတိုက်ရိုက်တန်းတက်နိုင်ရေးအတွက် လမ်းပတ်က တစ်ရာသီအတွင်း လိဂ်နိုင်ပွဲ ၂၈ ပွဲအထိ စံချိန်တင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။