သူ့ရဲ့ နည်းပြဘဝအပေါ် သြဇာအရှိဆုံးဖြစ်ခဲ့တဲ့ နည်းပြက ဘယ်သူလဲဆိုတာကို ဖရန့်လမ်းပတ် ထုတ်ဖော်ပြောကြား
ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝအပေါ်မှာ ဘာကြောင့် သြဇာအရှိဆုံးဖြစ်ခဲ့တယ်ဆိုတာကို ဖရန့်လမ်းပတ်က ရှင်းပြခဲ့ပါတယ်။
လမ်းပတ်ဟာ ကိုဗင်ထရီစီးတီးအသင်းကို ချန်ပီယံရှစ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ကို တကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်အရွယ် လမ်းပတ်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အဆင့် ၁၇ နေရာမှာ ရှိနေတဲ့ ကိုဗင်ထရီအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်ကစလို့ အသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့ ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ဒုတိယနေရာကအသင်းကို ၁၁ မှတ်အထိ ဖြတ်ပြီး ချန်ပီယံဆုကို အရယူကာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာပါ။
ကိုဗင်ထရီအသင်းကို နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ထိပ်တန်းလိဂ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက်မှာ လမ်းပတ်က သူ့ရဲ့ နည်းပြဘဝ ဖြတ်သန်းမှုတွေနဲ့ပတ်သက်ပြီး The Times နဲ့ အင်တာဗျူးမှာ ပြန်လည်ပြောပြခဲ့ပါတယ်။
သူအောင်မြင်လာဖို့အတွက် မော်ရင်ဟိုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အများကြီးပေးခဲ့လို့ သူ့အပေါ် သြဇာအရှိဆုံးဖြစ်ခဲ့တာလို့ လမ်းပတ်က အမှတ်ရတရ ပြောဆိုခဲ့ပါတယ်။
"မော်ရင်ဟိုရဲ့ စရိုက်ကလည်း တစ်မျိုးပဲဗျ။ သူနဲ့ပတ်သက်ပြီး ကျွန်တော် အမှတ်ရဆုံးကတော့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကနေတဆင့် ကျွန်တော့်ကိုလည်း ယုံကြည်မှုတွေ ဘယ်လောက်တောင် ကူးစက်စေခဲ့သလဲဆိုတာပါပဲ။ အဲဒါကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေပါတယ်" လို့ လမ်းပတ်က ဆိုပါတယ်။
"အဲဒီတုန်းက ကျွန်တော်က နည်းနည်း အနေအေးတတ်တဲ့သူပါ။ ဒါပေမဲ့ သူက 'မင်း ဒါကို ရအောင်ယူရမယ်၊ မင်း ဒီထက်ပိုပြီး ဖြစ်လာရမယ်' လို့ ပြောခဲ့တယ်။ ပြီးတော့ သူက အမြဲတမ်း အနိုင်ရချင်စိတ် ပြင်းပြတဲ့သူပါ။ 'ငါတို့ ရှုံးလို့မဖြစ်ဘူး၊ ဒါက ငါတို့ လုပ်ရမယ့်အလုပ်ပဲ' လို့လည်း ပြောလေ့ရှိတယ်။ ဒါကြောင့် သူ့ဆီက အကျင့်တချို့ကို ကျွန်တော် အတုယူဖြစ်ပေမဲ့ ကျွန်တော်က မော်ရင်ဟို ဒါမှမဟုတ် ကာလိုအန်ဆယ်လော့တီးတို့လိုမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ရဲ့ ပုံစံမဟုတ်လို့ပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့စဉ်က မော်ရင်ဟိုရဲ့ လက်အောက်မှာ ပွဲပေါင်း ၂၁၅ ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ လမ်းပတ်ဟာ မော်ရင်ဟိုဆီကနေ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာကောင်းတွေ ရရှိခဲ့တာကတော့ အသေအချာပါပဲ။