The network connection is lost.

Banner Image

ဂျာမနီအသင်းကို အနိုင်ယူဖို့ အိုင်ဗရီကို့စ် အဆင်သင့်ဖြစ်နေပြီလို့ ကြွေးကြော်လိုက်တဲ့ အီမာစီဖေး

အိုင်ဗရီကို့စ်အသင်းနည်းပြအီမာစီဖေးက ဂျာမနီနဲ့ကစားရမယ့် ကမ္ဘာ့ဖလားပွဲစဉ်ကို အနိုင်ရရှိဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့၊ တိုရွန်တိုမြို့မှာ ကစားမယ့် အုပ်စု (E) ပွဲစဉ်မှာ ကမ္ဘာ့ဖလားလေးကြိမ်ရှင်ဂျာမနီအသင်းကို ရင်ဆိုင်ရမယ့် ၂၀၂၃ အာဖရိကဖလားချန်ပီယံအိုင်ဗရီကို့စ်အသင်းအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ရှိနေမလားဆိုတဲ့မေးမြန်းရာမှာ အီမာစီဖေးက သူ့အသင်းရဲ့ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

"ကျွန်တော်တို့က ဂျာမန်တွေကစားတာကိုလာကြည့်ဖို့ ရောက်လာတာ မဟုတ်ပါဘူး။ သူတို့ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခွင့်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားပါမယ်။

"ဒါပေမယ့် အဓိကအားဖြင့် မနက်ဖြန်ပွဲပြီးရင် ကျွန်တော်တို့ရဲ့ ဖီလာဒဲလ်ဖီးယားအခြေစိုက်စခန်းကို ခြောက်မှတ်သာမက အုပ်စုထိပ်ဆုံးမှာ အဆုံးသတ်နိုင်မယ်ဆိုတဲ့ သေချာမှုနဲ့ ပြန်သွားချင်ပါတယ်" လို့ သူက ဆိုပါတယ်။

အိုင်ဗရီကို့စ်အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ အီကွေဒေါအသင်းကို ပွဲချိန်မိနစ် ၉၀ မှာ လူစားဝင်ကစားသမားအာမက်ဒီယာလိုရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး အနောက်အာဖရိကအသင်းက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက်အနိုင်ရရှိဖို့ ရည်မှန်းထားပါတယ်။

တစ်ဖက်မှာတော့ ဂျာမနီအသင်းက ပွဲဦးထွက်ကူရာကာအိုအသင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း ကစားသမားခြောက်ဦးအထိ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အီမာစီဖေးကတော့ သူတို့ရဲ့ချဉ်းကပ်မှုပုံစံကို အပြောင်းအလဲလုပ်ဖို့ အစီအစဉ်မရှိဘဲ နှစ်နှစ်ကျော်ကြာ လက်တွဲလာခဲ့ပြီးနောက် အသင်းအဖွဲ့ဝင်တွေအကြား ယုံကြည်မှုတွေ တိုးပွားလာတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့တွေ အတူတကွဖြတ်သန်းလာခဲ့ကြပြီး ပွဲနေ့မတိုင်ခင် အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့ ကျင့်သားရနေတဲ့ ပုံစံတွေကို မပြောင်းလဲပေးနိုင်ပါဘူး"

"ကျွန်တော်တို့တွေ ပွဲကို ထိန်းချုပ်ကစားချင်တယ်၊ ကျွန်တော်တို့ရဲ့အားသာချက်တွေအတိုင်း ကစားချင်သလို အားနည်းချက်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချသွားချင်ပါတယ်"

"ဒါပေမဲ့ ဂျာမနီနဲ့ပွဲစဉ်ကိုလည်း အခြားပွဲစဉ်တွေလိုပဲ ပုံမှန်အတိုင်းပဲ ပြင်ဆင်ထားပါတယ်"လို့ အီမာစီဖေးက ဆိုပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ခြောက်ပွဲအထိ Clean Sheet ရရှိပြီးနောက် နည်းပြအီမာစီဖေးက ဂျာမနီနဲ့ပွဲစဉ်အတွက် အောက်အသင်းအဖြစ် သတ်မှတ်ခံထားရမှုကို မစိုးရိမ်မိဘူးလို့ ရှင်းပြခဲ့ပါတယ်။

"အီကွေဒေါနဲ့ပွဲစဉ်တုန်းမှာလည်း ကျွန်တော်တို့အသင်းက ရေပန်းစားတဲ့အသင်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြသလို မနက်ဖြန်မှာလည်း အင်အားတောင့်တင်းတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်သွားရပါမယ်။ ရေပန်းစားမှုအခြေအနေတွေအကြောင်း ကျွန်တော်တို့ မတွေးနေချင်ပါဘူး။ အဓိကအချက်က ပွဲစဉ်ကို အနိုင်ရဖို့ပါပဲ"လို့ ပြောပါတယ်။