ဂါနာနဲ့ပွဲမတိုင်ခင် ဒီကလန်ရိုက်စ်ရဲ့ ကြံ့ခိုင်မှုသတင်း ထုတ်ပြန်လာတဲ့ အင်္ဂလန်အသင်း
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၇ ရက်) က ခရိုအေးရှားကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒီကလန်ရိုက်စ်ဟာ အနည်းငယ် သက်သောင့်သက်သာမရှိ ဖြစ်ခဲ့ပေမဲ့ ဂါနာနဲ့ကစားမယ့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အသက် ၂၇ နှစ်အရွယ် ရိုက်စ်ဟာ အင်္ဂလန်အသင်း သက်တောင့်သက်သာအနိုင်ရခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမဲ့ ဒုတိယပိုင်းအလယ်မှာတော့ နည်းပြ သောမတ်စ်တူချယ်က သူ့ကို လူစားလဲခဲ့ပါတယ်။
သူ့ကို လူစားလဲလိုက်တာကြောင့် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလာခဲ့ပေမဲ့ ရိုက်စ်အနေနဲ့ ဂါနာနဲ့ပွဲမှာတော့ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆင်နယ်ကွင်းလယ်လူဟာ ခါးဒဏ်ရာတစ်ခုကို ခံစားနေရတာ အတန်ကြာပြီဖြစ်ပြီး အခုပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း အဲဒီဒဏ်ရာကို အထူးဂရုစိုက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ပွဲအပြီးမှာ နည်းပြ သောမတ်စ်တူချယ်က "ဒက်ကလန်က ဘောလုံးပေးပို့မှုတွေမှာ ပုံမှန်မဟုတ်တဲ့ အမှားတွေရှိခဲ့သလို သူကြည့်ရတာလည်း သက်သောင့်သက်သာမရှိသလို ဖြစ်နေတာကို ကျွန်တော် သတိထားမိခဲ့တယ်။ အဲဒါနဲ့ သူ့ကိုမေးကြည့်တော့ သူက ခါးအောက်ပိုင်းနဲ့ ပေါင်နောက်ကြောအပေါ်ပိုင်းတွေမှာ ဒဏ်ရာရှိနေတယ်လို့ လက်ညှိုးထိုးပြခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘာအန္တရာယ်မှ မကြုံစေချင်ဘူး၊ ဒါဟာ ကြီးကြီးမားမားမဟုတ်ဖို့လည်း မျှော်လင့်ပါတယ်။ ပွဲအပြီးမှာတော့ ဒက်ကလန်က ကျွန်တော့်ကို စိတ်ချဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ဂရုတစိုက် ကိုင်တွယ်သွားမှာဖြစ်သလို စိုးရိမ်စရာ အကြီးအကျယ်တော့ မရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။