The network connection is lost.

Banner Image

ပေါ်တူဂီအတွက် ခြေစွမ်းပြဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဝေဖန်သူတွေ နှုတ်ဆိတ်သွားအောင် စီရော်နယ်ဒို လုပ်ဆောင်နိုင်ခြင်းမရှိ

ဒီအာကွန်ဂိုနဲ့ပွဲစဉ်ရဲ့ပွဲချိန်ဒုတိယပိုင်းမှာ အခွင့်အရေးကောင်း နှစ်ကြိမ်တိုင်တိုင်လွဲချော်ခဲ့သလို ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုအတွက် အကောင်းဆုံးအချိန်ကျော်လွန်ပြီး နိုင်ငံကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးနိုင်မယ့်သူမဟုတ်ဘူးဆိုတဲ့ အမြင်တွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းက အုပ်စု(K) မှာ ၅၂ နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်လာတဲ့ ဒီအာကွန်ဂိုနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရော်နယ်ဒိုက အာဂျင်တီးနားရဲ့မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်အထိပါဝင်ကစားခွင့်ရရှိတဲ့စံချိန်ကို ပူးတွဲရေးထိုးထားပါတယ်။ 

ဒါပေမဲ့ ဒီအာကွန်ဂိုနဲ့ပွဲစဉ်မှာတော့ ဝါရင့်တိုက်စစ်မှူးက အပိုင်အခွင့်အရေးနှစ်ကြိမ် လွဲချော်ခဲ့သလို ပွဲကစားချိန် ၄၅ မိနစ်ထက်မနည်းရှိခဲ့တဲ့ ပေါ်တူဂီကစားသမားတွေအနက် ဘောလုံးထိတွေ့မှုအနည်းဆုံးသူ (၂၅ ကြိမ်) ဖြစ်လာခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ပေါ်တူဂီအသင်းနည်းပြရော်ဘတ်တိုမာတီနက်ဇ်က စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ သီးခြားမှတ်ချက်ပေးလိုတဲ့ ဆန္ဒမရှိခဲ့ဘဲ တိုက်စစ်မှူးအတွက် ပံ့ပိုးမှုတွေ လုံလုံလောက်လောက်မရရှိခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်လို့ ထောက်ပြခဲ့ပါတယ်။

"ကျွန်တော်တို့က ကွင်းထဲမှာရှိတဲ့ ကစားသမားအားလုံးကို အသုံးချရပါမယ်။ အဓိကတိုက်စစ်မှူး(စီရော်နယ်ဒို)ကိုယ်တိုင် ပြိုင်ဘက်ဂိုးဧရိယာအနီးမှာ ရှိနေဖို့ လိုအပ်သလို ကျွန်တော်တို့က သူ့ဆီ ဘောလုံးရောက်ရှိအောင် ပို့ဆောင်ပေးဖို့ လိုအပ်ပါတယ်" လို့ သူက ဆိုပါတယ်။

စီရော်နယ်ဒိုကို လူစားလဲဖို့ စဉ်းစားခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုတော့ မာတီနက်ဇ်က တိုက်စစ်မှူးရဲ့ အတွေ့အကြုံပိုင်းကို အဓိကသော့ချက်အဖြစ် ထောက်ပြခဲ့ပါတယ်။

"ဂိုးတွေလိုအပ်နေတဲ့ပွဲစဉ်တစ်ခုမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသွင်းရှင်ကို ကွင်းပြင်ထုတ်လိုက်ဖို့ဆိုတာ ယုတ္တိမရှိပါဘူး" လို့ မာတီနက်ဇ်က ဆိုပါတယ်။

"ကျွန်တော်တို့အတွက် အခုလိုအခိုက်အတန့်မျိုးမှာ စီရော်နယ်ဒိုရဲ့ဂိုးဧရိယာအတွင်းအတွေအကြုံပိုင်းက အရေးကြီးပါတယ်။ ပြိုင်ဘက်ခံစစ်ကို ဆွဲဆောင်ထားတဲ့ သူ့ရဲ့ပုံစံက အရေးကြီးသလို နေရာလွတ်တွေ အသုံးချနိုင်မယ့် နည်းလမ်းကလည်း အရေးကြီးပါတယ်"

"ပြီးတော့ ကစားသမားတိုင်းမှာ ကွင်းတွင်းတာဝန်အပြင် အရည်အသွေးတစ်ခုစီလည်း ရှိကြပါတယ်။ ဒါကြောင့် ဂိုးတွေလိုအပ်နေတဲ့အချိန်မှာ စီရော်နယ်ဒိုရှိနေဖို သေချာပေါက်လိုအပ်ပါတယ်"လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမလား၊ အရန်ခုံမှာထားမလား သို့မဟုတ် လုံးဝအသုံးမပြုဘဲ စွန့်ပစ်မလားဆိုတဲ့ ငြင်းခုံမှုတွေကတော့ အသစ်အဆန်းမဟုတ်ပါဘူး။

လက်ရွေးစင်အဆင့် ၂၂၉ ပွဲမှာ ၁၄၃ ဂိုးအထိ သွင်းယူပေးထားတဲ့ သူ့ရဲ့အံ့ဩစရာကောင်းတဲ့ သွင်းဂိုးမှတ်တမ်းကြောင့် သူ့ကို ကမ္ဘာ့ဘောလုံးလောကရဲ့ဂန္တဝင်တစ်ဦးအဖြစ် သမိုင်းတွင်စေခဲ့ပါတယ်။

ဒါပေမဲ့ ပေါ်တူဂီအသင်းရဲ့တိုက်စစ်ပိုင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားကောင်းတွေ မရှားပါဘူး။

မာတီနက်ဇ်ရဲ့အသင်းက လာမယ့်အင်္ဂါနေ့၊ ဟူစတန်မြို့မှာ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် ၂၇ ရက် မိုင်ယာမီမြို့မှာ ကိုလံဘီယာအသင်းတို့နဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။