ဒီအာကွန်ဂိုနဲ့စိတ်ပျက်ဖွယ်သရေရလဒ်ကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းမရှိတဲ့ ပေါ်တူဂီနည်းပြမာတီနက်ဇ်
ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်က ဒီအာကွန်ဂိုနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမ္ဘာ့ဖလားပွဲစဉ်နဲ့ပတ်သက်လို့ တုန်လှုပ်ခြင်းမရှိခဲ့ဘဲ သူ့ရဲ့အသင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ဓာတ်ပိုင်းကို ပြသခဲ့ပေမဲ့ လုပ်ဆောင်စရာတွေ ကျန်ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
စပိန်နဲ့အာဂျင်တီးနားတို့လိုအသင်းတွေလည်း ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ပြီးမှ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လို့ ဒီပွဲစဉ်အပေါ် ကစားသမားတွေကိုယ်တိုင် ပြန်သုံးသပ်ကာ သင်ခန်းစာရယူပြီး ရှေ့ခရီးဆက်သွားရမယ်လို့ မာတီနက်ဇ်က ဆိုပါတယ်။
"ကျွန်တော်တို့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဝေဖန်ဆန်းစစ်ရပါမယ်" လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့တာဝန်က ဒီပွဲစဉ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ဖို့ပါပဲ... ကမ္ဘာ့ဖလားဆိုတာ ဒီလိုပါပဲ။ ကျွန်တော်တို့ရဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားရပါမယ်"
"ပထမဦးဆုံးအဖြစ် ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်း တကယ်ထူးခြားပြောင်မြောက်လွန်းတာကို သတိပြုမိခဲ့ပြီး ကျွန်တော်တို့ လုပ်နိုင်မယ့်အရာတွေအပေါ် ယုံကြည်မှုရှိပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
ဆက်လက်ပြီး မာတီနက်ဇ်က ပွဲအစပိုင်းမှာ သူ့ရဲ့အသင်းကစားပုံ ကောင်းမွန်ခဲ့ပေမဲ့ စောစောစီးစီး ဦးဆောင်ဂိုးရရှိမှုနဲ့အတူ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပြီး အသင်းကိုယ်တိုင် အနိုင်ရရှိဖို့ ကြိုးစားရမယ့်အစား ရလဒ်ပိုင်းအပြောင်းအလဲဖြစ်သွားမယ့်အရေးကို စိုးရိမ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်က ပုံမှန်အားဖြင့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး ဒုတိယဂိုးသွင်းယူနိုင်အောင် ကူညီပေးနိုင်တဲ့ အခိုက်အတန့်ဖြစ်ပေမဲ့ ကျွန်တော်တို့အတွက်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ရရှိအောင်ပဲ ကြိုးပမ်းခဲ့ပြီး ဂိုးဧရိယာအတွင်းအထိ မထိုးဖောက်နိုင်ခဲ့လို့ ကွန်ဂိုအသင်းအတွက် တန်ပြန်တိုက်စစ်ကစားဖို့ အခွင့်အရေးပေးသလို ဖြစ်သွားပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကစားဟန်နဲ့ ကျွန်တော်တို့ရဲ့ တာဝန်က အမြင့်မားဆုံး စွမ်းဆောင်ရည် အဆင့်အတန်းမျိုး ရရှိဖို့အတွက်ဖြစ်တယ်ဆိုတာကို သင်ခန်းစာယူရပါလိမ့်မယ်" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မာတီနက်ဇ်က ကစားသမားတွေကို အသင်းဦးဆောင်နေချိန်မျိုးမှာ အလွန်အမင်းစိတ်လှုပ်ရှားလွယ်တာမျိုး မဖြစ်စေဖို့ သတိပေးခဲ့ပါတယ်။
အလားတူ ပေါ်တူဂီအသင်းနည်းပြက ဒီအာကွန်ဂိုအသင်းကို ကောင်းမွန်တဲ့ ကစားကွက်ရှိပြီး ဗိုလ်လုပွဲကြီးတစ်ခုအတွက် ယှဉ်ပြိုင်နေသလို ကစားခဲ့ကြတယ်လို့ ချီးကျူးခဲ့ပါတယ်။
"သူတို့တွေက ပြင်းပြင်းထန်ထန်နဲ့ ယုံကြည်မှုရှိရှိ ကစားခဲ့ကြပါတယ်။ သူတို့က ပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်နေသလို ကစားခဲ့ကြပြီး ဒါက အံ့ဩစရာကောင်းတဲ့ စိတ်ဓာတ်ပိုင်းကို ပြသလိုက်တာပါပဲ။"
"ကွန်ဂိုအသင်း အခုလို လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးဖြစ်လို့ သိပ်တော့ မအံ့ဩမိပါဘူး" လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီအသင်းက လာမယ့်အင်္ဂါနေ့မှာ ဥဇဘက်ကစ္စတန်အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။