တိုက်စစ်စွမ်းဆောင်ရည်ကောင်းနဲ့အတူ ခရိုအေးရှားကို အနိုင်ယူခဲ့တဲ့ အင်္ဂလန်
အင်္ဂလန် ၄-၂ ခရိုအေးရှား (ပွဲပြီးရလဒ်)
အုပ်စု(L)ရဲ့အဖွင့်ပွဲစဉ်အဖြစ် ဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ ဟယ်ရီကိန်းရဲ့ပယ်နယ်တီမှတဆင့် အင်္ဂလန်တို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ပွဲချိန်နာရီဝက်အကျော်မှာ ဘာတူရီနာက ခရိုအေးရှားအတွက် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်နှောင်းပိုင်းမှာ ဟယ်ရီကိန်းက နောက်ထပ်ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာပဲ မူဆာက နောက်ထပ်ချေပဂိုးကို သွင်းယူခဲ့လို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စစချင်းမှာတော့ ကစားအားမြှင့်တင်လာတဲ့ အင်္ဂလန်အတွက် ဘယ်လင်ဟမ်က တစ်ကိုယ်တော်စွမ်းရည်ကောင်းဖြင့် ဦးဆောင်ဂိုး၊ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က အနိုင်သေချာစေမယ့်အပိတ်ဂိုးတို့ကို သွင်းယူပြီး တူချယ်ရဲ့အသင်းအတွက် အဖိုးတန်နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ကြပါတယ်။