ကိတ်ဗာဒီနဲ့သရေကျခဲ့ပေမဲ့ ကမ္ဘာ့ဖလားခရီးစဉ်အပေါ် အကောင်းမြင်ထားတဲ့ ယာမယ်လ်
ဘာစီလိုနာလူငယ်ကြယ်ပွင့်ယာမယ်လ်က ကိတ်ဗာဒီအသင်းနဲ့ ဂိုးမရှိသရေကျပြီးနောက် စပိန်ပရိသတ်တွေဆီ အားတက်စရာသတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။
ဒဏ်ရာကြောင့် နှစ်လကြာအနားယူခဲ့ရပြီးနောက် ပြန်လည်သက်သာလာခဲ့တဲ့ ဒီလူငယ်လေးက ပရိသတ် ၆၇,၆၄၀ ရှေ့မှောက် စနစ်တကျကစားလာတဲ့ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ဖို့ရုန်းကန်ခဲ့ရတဲ့ စပိန်အသင်းအတွက် ပံ့ပိုးမှုတွေပြုလုပ်နိုင်ဖို့ လူစားဝင်ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သူ့ကို ဆေးဘက်ဆိုင်ရာအဖွဲ့က ဂရုတစိုက်ကိုင်တွယ်ခဲ့ပြီး နည်းပြအဖွဲ့ကလည်း ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဘဲ ပွဲကစားချိန်မိနစ်တွေ တဖြည်းဖြည်းပြန်ပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမှတ်ဆုံးရှုံးရမှုရှိခဲ့ပေမဲ့လည်း ယာမယ်လ်ကတော့ ဒီပြိုင်ပွဲမှာ စပိန်အသင်းရဲ့အခြေအနေအပေါ် အကောင်းမြင်ထားပြီး စိတ်ပျက်ဖွယ်ရလဒ်အပြီး ပရိသတ်တွေ စိတ်အားမငယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
"ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်ပြီး တစ်မှတ်တော့ ရရှိခဲ့ပါတယ်" လို့ ယာမယ်လ်က လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
"ဒီပြိုင်ပွဲက တကယ်ကို ရှည်လျားပြီး ကျွန်တော်တို့ရဲ့ပန်းတိုင်ဆီရောက်ဖို့ ခရီးအဝေးကြီး သွားရဦးမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဆက်ကြိုးစားသွားပြီး အရာအားလုံး ကျွန်တော်တို့မျှော်လင့်ထားသလို သေချာပေါက်ဖြစ်လာပါလိမ့်မယ်။ ဒီအချက်ကိုတော့ ယုံကြည်ချက်အပြည့် ရှိနေပေးပါ"
"ဒဏ်ရာရရှိပြီးနောက်ပိုင်း ကျွန်တော့်ကို ပြန်လည်ကစားခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်သလို ကျွန်တော့်ဘေးနားမှာ အမြဲရှိနေပေးပြီး ခြေလှမ်းတိုင်းမှာ ဝိုင်းဝန်းပံ့ပိုးအဖော်ပြုပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။