ဟယ်ရီကိန်းကို ခေါ်ယူဖို့ အာဆင်နယ်ကို ဂျွန်တယ်ရီ တိုက်တွန်း
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဂျွန်တယ်ရီက သူ့ရဲ့ပြိုင်ဘက်ဟောင်း အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ဗစ်တာဂျိုကရက်စ်ကို ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိ သွင်းယူပေးကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အစပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဆွီဒင်တိုက်စစ်မှူးဟာ တစ်ရာသီလုံးမှာ ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရသလို ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ပရိသတ်အများစုက သူ့အပေါ် စိတ်ပျက်ခဲ့ကြပါတယ်။
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဟယ်ရီကိန်းကတော့ ဒီရာသီမှာ ဘွန်ဒက်လီဂါမှာ ၃၆ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁၄ ဂိုးနဲ့ စုစုပေါင်း ၆၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ပီယာ့စ်မော်ဂန်ရဲ့ အင်တာဗျူးအစီအစဉ်မှာ တယ်ရီက အာဆင်နယ်အနေနဲ့ ဒီနွေရာသီမှာ ဟာရီကိန်းကို အဓိကထား ခေါ်ယူသင့်တယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ခင်ဗျားတို့အသင်းမှာ တစ်ရာသီကို ၂၅ ဂိုး၊ ဖြစ်နိုင်ရင် ၃၀ လောက်အထိ သွင်းပေးနိုင်မယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် မရှိတာဟာ တကယ့်ကို ဆုံးရှုံးမှုတစ်ခုလို့ ကျွန်တော် ခံစားရပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းက အကောင်းဆုံးအသင်းတွေကို ကြည့်မယ်ဆိုရင် အွန်နရီ၊ ရွန်နီ၊ ဒရော့ဂ်ဘာ တို့လို ကစားသမားမျိုးတွေ ရှိခဲ့ကြပါတယ်။ အသင်းတိုင်းမှာ အခုလို ဂိုးတွေအများကြီး သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်စီ ရှိခဲ့ကြတာပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဘယ်သူ့ကို ခေါ်ယူမလဲလို့ မေးမြန်းရာမှာတော့ တယ်ရီက "ဟယ်ရီကိန်းပေါ့။ ဒါပေမဲ့ သူက အာဆင်နယ်ကို လာချင်ပါ့မလားဆိုတာကတော့ ပြဿနာပဲ။ စိုးရိမ်စရာကောင်းတာက ခင်ဗျားတို့အသင်းဟာ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်အထိ လိဂ်ကို စိုးမိုးနိုင်မယ့် အခွင့်အရေးမျိုး ရှိနေတာပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။
ဟယ်ရီကိန်းနဲ့ စပါးအသင်းတို့ရဲ့ ပတ်သက်မှုတွေကြောင့် အခုအပြောင်းအရွှေ့က ဖြစ်လာဖို့ မလွယ်ကူပေမဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ နည်းပြ မီကေလ်အာတီတာအတွက်တော့ ဒါဟာ စဉ်းစားစရာတစ်ခု ဖြစ်လာနိုင်ပါတယ်။