ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့် နယ်သာလန်နောက်ခံလူတင်ဘာ
အာဆင်နယ်နောက်ခံလူတင်ဘာက ပေါင်ခြံဒဏ်ရာကြောင့် နယ်သာလန်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ထွက်ခွာလာရပြီး သူ့ရဲ့နေရာကို ဂါထရူအီဒါနဲ့ အစားထိုးခဲ့ပါတယ်။
တင်ဘာက ပြီးခဲ့တဲ့မတ်လကတည်းက ပေါင်ခြံဒဏ်ရာကြောင့် အနားယူခဲ့ရပေမဲ့ မေ ၃၀ ရက်၊ ဘူဒါပက်စ်မှာကစားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဒုတိယပိုင်းကို ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင် ကစားခဲ့ပြီး မတ် ၁၄ ရက်၊ အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ဂန်းနားနည်းပြအာတီတာက ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲမတိုင်ခင် တင်ဘာမှာ ပွဲကစားဖို့အတွက် "ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်" လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်(KNVB)ကတော့ တင်ဘာကို ဆေးဘက်ဆိုင်ရာ ဘေးကင်းစိတ်ချရမှုရှိစေဖို့အတွက် ပြိုင်ပွဲမှာပါဝင်ကစားရန် လုံလောက်တဲ့ပြန်လည်သက်သာလာမှုမျိုး မရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
"ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် ဥဇဘက်ကစ္စတန်နဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ တင်ဘာက နယူးယောက်မြို့ရှိ လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးစခန်းမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ KNVB က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တင်ဘာက ၂၀၂၁ ခုနှစ်၊ ဇွန်လ ပထမဆုံးအကြိမ်၊ လက်ရွေးစင်ကစားသမားဘ၀စတင်ပြီးနောက် နယ်သာလန်အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားပေးထားပါတယ်။
နယ်သာလန်အသင်းနည်းပြရော်နယ်ကိုးမန်းကတော့ တင်ဘာရဲ့နေရာမှာ အသက်-၂၅ နှစ်အရွယ်ဂါထရူအီဒါနဲ့ အစားထိုးခဲ့ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ရာသီမှာ လိုက်ပ်ဇစ်မှ ဆန်းဒါးလန်းဆီ အငှားသွားရောက်ကစားခဲ့ပါတယ်။
နယ်သာလန်အသင်းက ဇွန် ၁၄ ရက်မှာ ဂျပန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်ကစားပြီးနောက် ဆွီဒင်၊ တူနီးရှားတို့နဲ့ ဆက်လက်ရင်ဆိုင်ရပါမယ်။